ငလျင်ဒဏ်ခံ နီပေါ အနေဖြင့် အရည်အသွေးနိမ့် ဆောက်လုပ်ရေး ပစ္စည်းများနဲ့ အလျင်စလို ပြန်လည် တည်ဆောက်ရေး မပြုသင့်

javascript


ငလျင်ကြောင့် တချို့ အဆောက်အအုံတွေ ပြိုကျပြီး တချို့ကျ ပကတိ အကောင်းအတိုင်းကျန်ရှိတာ ဘာကြောင့်လဲ။ နီပေါကဲ့သို့ ဆင်းရဲသော နိုင်ငံမျိုး အနေဖြင့် ငလျင်ကြောင့် အဆောက်အအုံများ ထိခိုက်မှု အနည်းဆုံး ဖြစ်အောင် ဘယ်လို လုပ်သင့်လဲ။ ဘာကလီ ကယ်လီဖိုးနီးယား တက္ကသိုလ် ငလျင်ဗေဒ ကျွမ်းကျင်သူ ပက်ဂျီဟဲလ်ဝက်ဂ်ျကို DW သတင်းဌာနက တွေ့ဆုံ မေးမြန်းထားချက် များကို တစ်ဆင့် ပြန်လည် ဖော်ပြ ပါမည်။

နီပေါငလျင်ဟာ ပြင်းအား ရစ်ချတ်တာ စကေး(၇ ဒသမ ၈)အဆင့်ရှိတယ်။ ငလျင် ပြီးတဲ့နောက် ရိုက်ထားတဲ့ ဓာတ်ပုံတွေကို ကြည့်လိုက်ရင် တချို့ အဆောက်အအုံတွေ ပြိုကျနေတဲ့ အချိန်မှာ ဘေးချင်းကပ် အဆောက်အအုံကျတော့ အကောင်းပကတိ ကျန်ခဲ့တာတွေ တွေ့ရတယ်။ အဲဒါ ဘယ်လို ကြောင့် ဖြစ်တာပါလဲ။

အဆောက်အအုံတစ်ခု ပြိုကျရတဲ့ အဓိက အကြောင်းရင်း ကတော့ အဆောက်အအုံရဲ့ ဖွဲ့စည်း တည်ဆောက်ပုံပေါ့။ ဂျာမနီမှာပဲ ဖြစ်ဖြစ်၊ အမေရိကန်မှာပဲ ဖြစ်ဖြစ်၊ အရှေ့တိုင်း အာရှက မြို့ပြတွေကိုပဲ ကြည့်ကြည့် အဆောက်အအုံအဟောင်းတွေ အသစ်တွေဟာ အတူ ယှဉ်တွဲပြီး ရှိနေတယ်။ ဖွဲ့စည်း တည်ဆောက်ထားပုံ ကလည်း အမျိုးမျိုး ရှိနေ ကြတယ်။ ဒီတော့ ခိုင်ခန့်မှုချင်းလည်း ကွာခြားကြတယ်။ ဒါကြောင့် ဘေးချင်း ကပ်ချင်းတောင် တစ်ခုက ပြိုပြီး ကျန်တစ်ခုက အကောင်းအတိုင်း ကျန်ခဲ့တာမျိုး ရှိတတ်ပါတယ်။ နောက်တစ်ချက်က အဆောက်အအုံကို ဘယ်လောက် ကောင်းကောင်း ဆောက်ထားတယ် ဆိုတဲ့ အချက်ပဲ။ ဘိလပ်မြေကို ပါသင့်တာတွေ ပြည့်ပြည့်စုံစုံနဲ့ အချိုးအစား ကျကျနန စပ်ပြီး ဆောက်ထား ရဲ့လား။ ဘိလပ်မြေဟာ သဲများလွန်းနေရင် အဆောက်အအုံကို ကျစ်လျစ် နေအောင် စုစည်းတွဲစပ်ပေးထားနိုင်စွမ်းလည်း ကျသွားမှာပဲ။ ဒါဆို အဲ့လို အဆောက် အအုံမျိုးဟာ ငလျင် လှုပ်လာရင် ပြိုနိုင်ခြေ ပိုများမှာ ကျိန်းသေပဲ။

ဒါတောင် တချို့ အဆောက်အအုံတွေက ငလျင် လှုပ်နေတုန်း မပြိုဘူး။ လှုပ်ပြီး နောက်မှ ပြိုသွားတာေ တွလည်း ရှိတယ်။ အဲဒီ ကိစ္စမျိုး ကျတော့ ဘယ်လို ပြောမလဲ။ အဆောက်အအုံတစ်ခုရဲ့ ခိုင်မာမှုကို ဖွဲ့စည်း တည်ဆောက် ထားတဲ့ ဖရိန်တွေက ဆုံးဖြတ်တယ် ပြောမလား။ ပါဝင် ပစ္စည်းတွေရဲ့ ပြင်ပ သက်ရောက်အား စုပ်ယူ ယိမ်းနွဲ့ နိုင်စွမ်း ကြောင့်လို့ ပြောမလား။

ယေဘုယျ ပြောရရင် အရင်ခေတ် ဟောင်းပုံစံ ကျောက်တုံးတွေ ဆင့်ကာ ထပ်ကာ ဆောက်ထားတဲ့ အဆောက်အအုံမျိုး၊ ကျောက်တုံးချင်းကို ကြားက ဘိလပ်မြေမံပြီး ဆောက်ထားတဲ့ အဆောက်အအုံမျိုးတွေ ဟာ ငလျင်ကြောင့် ပြိုကျနိုင်ခြေ အများဆုံးပဲ။ ခေတ်ဟောင်း ပုံစုံ ကျောက်စီအထပ်မြင့် အဆောက်အအုံ တစ်လုံးကို မြေမှာ စိုက်ထားတဲ့ တုတ်တစ်ချောင်းလို မြင်ကြည့်ရအောင်။ မြေလှုပ် လာရင် အောက်ခြေက စလှုပ်တယ်။ ဒါပေမဲ့ မြေက ဆက်ပြီး လှုပ်လာလေ အောက်ခြေထက် အလယ်ပိုင်းနဲ့ အပေါ်ပိုင်းက ပိုလှုပ် ရမ်းလာလေပဲ။ ကြာကြာလှုပ်ရမ်းလေ အပေါ်၊ အလယ်၊ အောက်သုံးပိုင်း ဟန်ချက်ညီမှု ပျက်ပြီး ကျိုးကျဖို့ များလာလေပဲ။ ကျောက်စီ အဆောက်အအုံတွေဟာ အဲလိုလှုပ်ရမ်းတဲ့ အခါ အချင်းချင်း စည်းနှောင် ထားမယ့် စနစ် မပါ ဘူး။ ဒါကြောင့် အမြန်ဆုံး ပြိုကျရတယ်။ တစ်ဆင့်ပိုကောင်းတဲ့ ကျောက်စီ အဆောက် အအုံကို ပြောရမယ်ဆိုရင် ကျောက်တုံးနဲ့ ဘိလပ်မြေသာမက သစ်သား ဆင့်တန်းတွေ ထည့်ဆောက်ပြီး အဆောက်အအုံကို အတွင်းပိုင်း ကနေ အပြန်အလှန် စည်းနှောင်ချုပ် ထားတဲ့ အဆောက်အအုံ တွေပေါ့။ ငလျင်ကြောင့် အဆောက်အအုံ လှုပ်ရမ်းလာပြီ ဆိုရင် ကျောက်တုံးတွေ ပြိုကျ မသွားအောင် သစ် သားတွေက ချုပ်ထိန်းပေး ထားတယ်။ ဒါ ကြောင့် ရိုးရိုး ကျောက်စီ အဆောက်အအုံတွေ ထက် ပြိုနိုင်ခြေနည်းသွားတယ်။ အခု နောက် ပိုင်း ဘိလပ်မြေကို အားဖြည့် သံချောင်း နဲ့ရေ ပြီး သံကူ ကွန်ကရစ်အဖြစ် ဆောက်လုပ်တဲ့ အဆောက်အဦတွေကတော့ ငလျင်ဒဏ် ပိုခံနိုင်လာတယ်။ ပါဝင်ပစ္စည်း အချိုးအဆ မှန်ကန်လေ ငလျင်ဒဏ် ခံနိုင်ရည် ပိုမြင့်လာ လေပေါ့။ ဒါပေမဲ့ လူသားတွေ အခုထိ ပြည့်စုံ တဲ့ ဖြေရှင်းနည်းတော့ မရသေးပါဘူး။ ငလျင် တစ်ခါ လှုပ်ပြီးတိုင်း ဆောက်လုပ်ရေးပိုင်း ဆိုင်ရာ အားနည်းချက်တွေ တွေ့လာရတယ်။ အဲဒါတွေကို ပြင်ဆင်ဖြည့်စွက်ပြီး နောက် တစ်ခေါက် အတွက် အကောင်းဆုံး ပြင်ဆင်ရင်းနဲ့ပဲ ရှေ့ဆက်ကြရ တာပဲ။

နီပေါ တချို့ဒေသတွေဟာ ငလျင်လှုပ်ပြီး တော့ မူလနေရာ ကနေ မီတာတော်တော် များများ ဝေးတဲ့ဆီ ရွေ့သွားကြတဲ့ထိ ဖြစ်ခဲ့တယ်။ အဲဒါ ဘယ်လို ဖြစ်တာပဲ။ အဲဒီဒေသ မျိုးမှာ ဆက်နေမယ့် လူမျိုးတွေအတွက် မြေကြီးက စိတ်ချရပါ့မလား။ အဲဒီမြေကြီးပေါ်မှာ အဆောက်အအုံတွေ ထပ်ဆောက်ရင် အန္တရာယ် ကင်းနိုင်ပါ့မလား။

အဲဒါကတော့ မြေအောက် အခြေအနေပေါ် မူတည်တယ်။ အဆောက်အအုံ တည်ဆောက်မယ့် မြေအောက်အနက်ထဲက အလွှာဟာ ကျောက်လွှာ ဆိုရင်တော့ အကောင်းဆုံးပေါ့။ ကျောက်လွှာဆိုတော့ ခိုင်တယ်။ ငြိမ်တယ်။ ငလျင် လှုပ်ရင်လည်း လှုပ်ရှားမှု အနည်းဆုံးပဲ။ ဖို့မြေလို နေရာမျိုး၊ ပို့ချအနည် အနှစ်တွေနဲ့ ဖွဲ့စည်းထားတဲ့ တောင်ကြား ချိုင့်ဝှမ်းလို နေရာမျိုးကျတော့ ငလျင် လှုပ်ရင် မြေလွှာ လှုပ်ရှားမှု ပိုများတယ်။ တစ်ခါ တစ်ရံမှာ ငလျင် အရှိန်ထက်တောင် သူ့ရဲ့မြေ လွှာလှုပ်ရှားမှုက ပိုပြင်းထန်တတ်တာမျိုးရှိ တယ်။ အဲဒီလို မြေလွှာမျိုးမှာ ဆောက်ထားတဲ့ အဆောက်အအုံ တွေဟာ ပြိုကျနိုင်ခြေ အများဆုံးပေါ့။ အထင်ရှားဆုံး နမူနာပေးရရင် ၁၉၈၅ ခုနှစ် မက္ကစီကို တောင်ပိုင်းကမ်းခြေ ငလျင်ကြီးပဲ။ ငလျင် ဗဟိုချက်က မက္ကစီကို မြို့ တော် မက္ကစီကို စီးတီးနဲ့ ကီလိုမီတာ ရာချီပြီး ဝေးတယ်။ ဒါပေမဲ့ အဲဒီငလျင်ကြီးကြောင့် အထိခိုက်ရဆုံးက မက္ကစီကို စီးတီး ဖြစ်နေတယ်။ အဆောက်အအုံတွေ အများကြီး ပြိုကျ တယ်။ လူတွေ အများကြီး သေတယ်။ ငလျင်နဲ့ အဝေးကြီးမှာ ရှိနေတဲ့မြို့က ဘာကိစ္စ အဲဒီ လောက်တောင် ခံလိုက်ရတာလဲ ပြန်ဆန်းစစ်တော့ မြို့တော်မက္ကစီကို စီးတီးဟာ မြစ်ဝှမ်း လွင်ပြင်ဒေသမှာ တည်ထားတဲ့ အချက်ကြောင့် ပဲ။ မြေက တအားပျော့တယ်။ ကီလိုမီတာ ရာချီဝေးတဲ့ နေရာမှာ လှုပ်တဲ့ ငလျင်ရဲ့ သက်ရောက်မှုခံရရုံနဲ့တင် မြို့တော် မက္ကစီကို စီးတီး အောက်က မြေပျော့ တွေဟာ ဂျယ်လီတုံးလိုပဲ သွက်သွက်ခါ လှုပ်ကုန်တယ်။

ဥပမာ အားဖြင့် ဥရောပမှာ ဆိုရင် အီတလီက တချို့ရွာတွေဆိုရင် ငလျင် လှုပ်ပြီးတဲ့ နောက်လူတွေဟာ ရွာကိုပစ်ပြီး တခြား နေရာမှာ ရွာသစ် ရွှေ့တည် တာမျိုး ရှိတယ်။ ရွာဟောင်းနေရာမှာ မြေပျော့လို့ ငလျင်ဒဏ် မခံနိုင်တာကြောင့် အဲဒီရွာမှာ အိမ်တွေ ပြန်မဆောက်ဘဲ မြေမာတဲ့ နေရာကို ရွာလုံးကျွတ် ပြောင်းကြတာပဲ။ နီပေါ မှာကော အဲဒီလို ဖြစ်စဉ်မျိုးတွေ ရှိလာနိုင်လား။

မြို့တွေ ရွာတွေကို တခြားနေရာ ရွှေ့ ပြောင်းပြီး အသစ်တည်ရတာ အဓိက ပြဿနာ မဟုတ်ဘူး။ ပြဿနာက နီပေါလို တစ်နိုင်ငံလုံး အနေနဲ့ ငလျင်ဒဏ် ခံရနိုင်ခြေများတဲ့ နေရာမျိုး မှာ ဘယ်နေရာဟာ စိတ်ချရလဲ ရွေးချယ်ရတဲ့ ပြဿနာပဲ။ အီတလီ ဖြစ်စဉ်ကိုပဲကြည့်။ အခု ငလျင်ကြောင့် ပိုစိတ်ချရတဲ့ တခြားတစ်နေရာ ကို ပြောင်းကြပါပြီတဲ့။ ခက်တာက ငလျင် သဘောက နောက်တစ်ကြိမ်ဆို နောက်တစ် နေရာကို နည်းနည်း ရွေ့သွား တတ်တယ်။ အဲဒီတော့ ဘယ်နေရာမှာ စိတ်ချရလဲ ရွေးဖို့ ခက်တယ်။ ပြီးတော့ ငလျင်လှုပ်နိုင်ခြေ များတဲ့ နိုင်ငံဟာ လှုပ်ကို လှုပ်တာပါပဲ။ အဓိက လုပ်ရ မှာက ငလျင်နဲ့ သဟဇာတဖြစ်အောင် အန္တရာယ် အကင်းဆုံး ဖြစ်အောင် ဘယ်လို ကြိုတင် ပြင်ဆင်ထားမလဲ ဆိုတဲ့ ကိစ္စပဲ။

နီပေါလို ဆင်းရဲတဲ့ နိုင်ငံတစ်နိုင်ငံ အနေနဲ့ ဧပြီလ(၂၅)ရက်နေ့က ငလျင်ကြီးမျိုး နောက်တစ်ကြိမ် ကြုံလာရင် ခံနိုင်ရည် ရှိအောင် ဘယ်လို ပြင်ဆင်ထား သင့်လဲ။

အရည်အသွေးမီ အဆောက်အအုံတွေ ဆောက်လုပ်နေထိုင်နိုင် ကြဖို့ လိုတယ်။ ငလျင် ကြောင့် ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ပျက်စီး ဆုံးရှုံးမှုတွေများ၊ လူသေနှုန်းတွေ များရတဲ့ အချက် တွေထဲမှာ အဆောက်အအုံတွေ အရည်အသွေး မမီတာက ထိပ်ဆုံးက ပါတယ်။ ဥပမာ ၂၀၁၀ ပြည့်နှစ် ဟေတီငလျင် ကိုကြည့်။ ငလျင် ရဲ့ ပြင်းအားက နီပေါထက် တစ်ရစ်ချတ်တာ စကေးတောင် လျော့သေးတယ်။ ဒါပေမဲ့ အိမ်ခြေ အများစုကြီးဟာ ဘယ်ဆောက်လုပ်ရေး စံချိန်စံညွှန်းနဲ့ပဲ ကြည့်ကြည့် အရည် အသွေးမမီတဲ့ အဆောက်အအုံတွေ ဖြစ်နေတယ်။ အန္တရာယ် ကင်းမှုပိုင်း အရလည်း လုံးဝ အာမခံချက်မရှိတဲ့ အိမ်ရာ တွေ ဖြစ်နေတယ်။ ငလျင်ကြောင့် ပြိုကျကုန်တဲ့အခါကျတော့ လူတွေ ပိပြီးသေဆုံးနှုန်း သိပ်များရတယ်။ အခြေခံအဆောက်အအုံတွေသာ အဆင့် အတန်းမီခဲ့မယ်ဆိုရင် ဟေတီငလျင်ဟာ ထူးထူးခြားခြား သေဆုံးစရာ မရှိတဲ့ ငလျင်မျိုး ပဲ။ ဒါကြောင့် ဟေတီကို သင်ခန်းစာ ယူပြီး နီပေါမှာလည်း ငလျင်လွန် ကာလ ပြန်လည် တည်ဆောက်ရေးတွေ လုပ်တဲ့အခါမှာ ရရာ အရည်အသွေးနိမ့် ပစ္စည်းတွေသုံးပြီး အလျင်စလို ပြန်တည်ဆောက်ရေး မလုပ်ဖို့ သတိပေး လိုတယ်။ စံချိန်စံဩန်းမီ အိမ်ရာတွေ ပြန်တည် ဆောက်နိုင်ပါမှ နောက်တစ်ကြိမ် ငလျင်အတွက် အကောင်းဆုံး ပြင်ဆင်ထားရာ ရောက်မယ်။

နီပေါ လူ့အဖွဲ့အစည်းအနေနဲ့လည်း ငလျင်ဘေး ကြိုတင် ပြင်ဆင်ထားရမယ်။ နီပေါဟာ ငလျင် လှုပ်နိုင်ခြေများတဲ့ ဒေသအဖြစ် အားလုံး သိထားပြီး ဖြစ်တယ်။ ဒီတော့ ပြည်သူတွေကို ငလျင်ဘေး ကာကွယ်ရေး ပညာပေးမှုတွေ လုံလုံလောက်လောက် လုပ် ရမယ်။ အဲဒီလိုဆိုရင် ငလျင်လှုပ်ပြီ ဆိုတာနဲ့ ဘယ်ကို ပြေးရမယ်၊ ဘယ်မှာ နေရမယ် ဆိုတာ လူတွေချက်ချင်း တန်းသိပြီး ဘေးကင်း ရာမှာ ရှောင်နေနိုင်မယ်။ လူသေဆုံးမှုတွေ လျှော့ချနိုင်မယ်။ ပြီးတော့ ငလျင်ဘေးရှောင် အိတ်မျိုးလည်း အသင့်ပြင်ထားကြ ရမယ်။ အိတ်ထဲမှာ ငွေကြေး၊ အရေးပေါ် စားစရာ၊ သန်းခေါင်စာရင်း၊ မှတ်ပုံတင်၊ အိမ်ရာပိုင်ဆိုင်မှု စာရွက်စာတန်းစတဲ့ ကိုယ့်ဒေသအလိုက် အရေးကြီးတဲ့ ပစ္စည်းတွေ စုထည့် ထားရမယ်။ တစ်ခုခု ဖြစ်ပြီ ဆိုတာနဲ့ ဘာမှ စဉ်းစားမနေဘဲ အဲဒီ အထုပ်ဆွဲပြီး ဘေးကင်းရာကို အမြန်ဆုံး ပြေးထွက်နိုင် ရမယ်။

ဆင်းရဲတဲ့ နိုင်ငံတွေဟာ ငလျင်ဒဏ်ခံ အဆင့်မြင့် အဆောက်အအုံတွေ အတွက် ပိုက်ဆံ မတတ်နိုင်ကြဘူး။ ဒီတော့ ငွေကုန်လည်း သက်သာ၊ ထိလည်း ထိရောက်မယ့် နည်းလမ်းများရှိမလား။ အဆောက်အအုံ ဟောင်းတွေကို ပိုခိုင်ခန့်အောင်လုပ်တဲ့ နည်းကရော အသုံးဝင်မလား။

ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် အဆောက် အအုံအဟောင်းတွေကို ပိုခိုင်ခံ့လာအောင် အားဖြည့်ရတဲ့ အလုပ်က ပိုက်ဆံကုန်တာ ချည်းပဲ။ အဆောက် အအုံ အဟောင်းတိုင်း ကိုတော့ ဘယ်နိုင်ငံမှ လိုက်ပြီး အားဖြည့်နေ နိုင်မှာ မဟုတ်ဘူး။ ကျောက်တုံးတွေကို ဘိလပ်မြေနဲ့ တွဲစပ်ပြီး ဆောက်တဲ့ နည်းဟာ ငလျင်ကြောင့် ပြိုကျနိုင်ခြေ အများဆုံးပဲ။ အခုနောက်ပိုင်းမှာ ငလျင်ဒဏ်ခံနိုင်ရည် ပိုကောင်းပြီး အကုန်အကျလည်း သိပ်မများ စေမယ့် ခေတ်သစ် ဆောက်လုပ်ရေး နည်းပညာတွေလည်း ရှိလာပါပြီ။ အဆောက်အအုံ တစ်လုံးကို ငလျင်ဒဏ် ခံနိုင်အောင် ထပ်တိုး အားဖြည့်ရတာဟာ ပိုက်ဆံ ပိုကုန်တယ် ဆိုတာ မှန်ပေမယ့် အဆောက်အအုံ တစ်ခုလုံး ကုန်ကျစရိတ်နဲ့ နှိုင်းယှဉ်ရင် သိပ်မပြော ပလောက်ပါဘူး။ ငလျင် လှုပ်လာတဲ့ အခါကျတော့ အဲဒီ သိပ်မပြောပလောက်တဲ့ ကုန်ကျစရိတ်ဟာ အဆောက်အအုံ တစ်ခုလုံး ကိုရော လူ့အသက်တွေကိုပါ ကယ်တင်လိုက် နိုင်တယ် ဆိုရင် သိပ်ကို တန်တယ် မဟုတ်လား။

Source: ဟန်လင်းအောင် /messenger news
Ref: Nepal should avoid immediate reconstruction with poor materials (www.dw.de)

Facebook comments

Logo
 Tel: (+95)-1-524901, (+95)-1-531484, (+95)-9-43157 571, (+95)-9-43157 572, (+95)-9-43157 573

 Head Office: No. (82), Than Lwin Road, Windermere, Bahan Township, Yangon, Myanmar.