ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) က မြန်မာနိုင်ငံအတွက်
အလွန်သက်သာသော အတိုးနှုန်းဖြင့် ဂျပန်အစိုးရ၏ တရားဝင်ဖွံ့ဖြိုးတိုးတက်မှုအကူအညီချေးငွေ
(ODA Loan) ကို မြန်မာအစိုးရ၏ စီမံကိန်း ခြောက်ခုတွင် ကူညီမည်ဖြစ်သည်။
အဆိုပါ တရားဝင်ဖွံ့ဖြိုးတိုးတက်မှု အကူအညီချေးငွေသည် စုစုပေါင်း အမေရိကန်ဒေါ်လာ
၁,၁၉ဝ သန်းခန့် တန်ဖိုးရှိပြီး အဆိုပါ ချေးငွေဆိုင်ရာ သဘောတူညီချက်များကို ယခုလ
အစောပိုင်းတွင် JICA နှင့် မြန်မာနိုင်ငံအစိုးရတို့ လက်မှတ်ရေးထိုးခဲ့ကြသည်။
သီလဝါအထူးစီးပွားရေးဇုန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရေး၊ ဆင်းရဲမှုလျှော့ချရေးနှင့်
စိုက်ပျိုးရေးလုပ်ငန်းများအတွက် ကာလရှည် ရင်းနှီးမြှုပ်နှံရေးများ၊ မြို့ပြရေပေးဝေရေး၊
နေရာဒေသတိုင်း လျှပ်စစ်ဓာတ်အား ရရှိနိုင်ရေးနှင့် ရထားပို့ဆောင်ဆက်သွယ်ရေးကဏ္ဍများ
မြှင့်တင်ခြင်းတို့မှတစ်ဆင့် မြန်မာ့စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် သက်သာသော
ချေးငွေစီမံကိန်းများဖြင့် ထောက်ပ့ံပေးမည်ဖြစ်သည်။
ယင်းချေးငွေ၏ နှစ်စဉ်အတိုးနှုန်းမှာ သုည ဒသမ ဝ၁ ရာခိုင်နှုန်းဖြစ်ပြီး ဆိုင်းငံ့ကာလ
၁ဝ နှစ်အပါအဝင် ပြန်ပေးဆပ်ရန် လိုအပ်သည့်ကာလမှာ နှစ် ၄ဝ ဖြစ်သည်။
ချေးငွေကူညီထောက်ပံ့မည့် အသေးစိတ်စီမံကိန်းခြောက်ခုမှာ ပဲခူး မြစ်ကူးတံတား
တည်ဆောက်ရေးစီမံကိန်း၊ ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှု
စီမံကိန်း (အဆင့် ၂)၊ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးမှုအတွက် နှစ်ဆင့်ချေးငွေ
စီမံကိန်း၊ ရန်ကုန်မြို့တော် ရေပေးဝေရေးစီမံကိန်း (အပိုင်း ခ) (၁)၊ အဓိကမြို့ကြီးများတွင်
လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးစနစ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့် ရန်ကုန် မန္တလေး
မီးရထားလမ်းဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း အဆင့် ၁ (အပိုင်း ၂) တို့ ဖြစ်သည်။
ထိုအထဲမှ ပဲခူးမြစ်ကူးတံတား တည်ဆောက်ရေးစီမံကိန်းသည် ပဲခူးမြစ်ကိုဖြတ်ကာ
ရန်ကုန်မြို့နှင့် သန်လျင်မြို့နယ်ကိုဆက်သွယ်တည်ဆောက်မည့် သန်လျင်တံတားသစ်
စီမံကိန်းအတွက် JICA က ချေးငွေထောက်ပံ့ခြင်းဖြစ်သည်။
ရန်ကုန်မြို့တော်နှင့် သန်လျင်မြို့နယ်အကြား လက်ရှိတွင် ယာဉ်ကြောပိတ်ဆို့မှု
များပြားနေခြင်းကို ဖြေရှင်းနိုင်ရန်အတွက် တံတား တည်ဆောက်ရေးတွင် ချေးငွေ
ထောက်ပံ့ခြင်းဖြစ်ကြောင်း JICA က ပြောသည်။
ပဲခူးမြစ်ပေါ်တွင် တံတားတည်ဆောက်ခြင်းအားဖြင့် သီလဝါအထူးစီးပွားရေးဇုန်က
ယာဉ်ကြောများ အလွယ်တကူ အဆင်ပြေစွာ သွားလာနိုင်ပြီး ယာဉ်သွားလာမှုနှင့်
ထောက်ပံ့ပို့ဆောင်ရေး ကွန်ရက်များပိုမိုအားကောင်းလာစေခြင်းဖြင့် သီလဝါ
အထူးစီးပွားရေးဇုန်၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများနှင့် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး
တိုးတက်မှုတို့အတွက် ရည်ရွယ်ကြောင်း ဆိုသည်။ အဆိုပါစီမံကိန်းကို
အကောင်အထည်ဖော် ဆောင်ရွက်နေသော အဖွဲ့အစည်းမှာ ဆောက်လုပ်ရေး
ဝန်ကြီးဌာန၏ တံတားဦးစီးဌာနဖြစ်သည်။
ဆင်းရဲမှုလျော့ချရေးဆိုင်ရာ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (အဆင့် ၂)သည်
တစ်နိုင်ငံလုံးအနှံ့ ဆောင်ရွက်သည့် စီမံကိန်းများဖြစ်သည့် လမ်း၊ တံတားများ
အသစ်ဆောက်လုပ်ခြင်း၊ ပြန်လည်ပြုပြင် မွမ်းမံခြင်းနှင့် လျှပ်စစ်မီးနှင့် ရေရရှိရေး
အတွက် လိုအပ်သည့် ပစ္စည်းကိရိယာများ တပ်ဆင်ခြင်း၊ အဆောက်အအုံအသစ်များ
ဆောက်လုပ်ခြင်း၊ ပြန်လည်ပြုပြင် မွမ်းမံခြင်းတို့အတွက် ချေးငွေထောက်ပံ့ပေးခြင်း
ဖြစ်သည်။
ယင်းသို့ ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများကို ထောက်ပံ့ခြင်းဖြင့် ယင်းနေရာများရှိ
အခြေခံလူမှုအဆောက်အအုံများကို အသုံးပြုမှု တိုးတက်လာစေရန် ရည်ရွယ်သည်ဟု
သတင်းထုတ်ပြန်မှုတွင် JICA ဆိုသည်။
စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးမှုအတွက် နှစ်ဆင့်ချေးငွေ စီမံကိန်းသည်
မြန်မာ့လယ်ယာဖွံ့ဖြိုးမှုဘဏ်တွင် တစ်ဆင့်ခံချေးငွေစနစ်ကို ထူထောင်ခြင်းအားဖြင့်
လယ်ယာသမားများနှင့် စိုက်ပျိုးရေးလုပ်ငန်းများ နှစ်ရှည်ရင်းနှီးမြှုပ်နှံမှုချေးငွေ
ရယူနိုင်မည့်လမ်းကြောင်းကို မြှင့်တင်ပေးခြင်းစီမံကိန်းတို့ဖြစ်သည်။
ရန်ကုန်မြို့တော်ရေပေးဝေရေး စီမံကိန်း အပိုင်း ခ (၁) မှာမူ ရန်ကုန်မြို့တော်၏
မြို့တွင်းနေရာများနှင့် လှိုင်သာယာမြို့နယ်များသို့ တစ်နေ့လျှင် ရေဂါလန် သန်းပေါင်း
၆ဝ ဖြန့်ဝေပေးနိုင်ရေးစီမံကိန်းအတွက် ချေးငွေထောက်ပံ့သွားမည်ဖြစ်သည်။
ကုက္ကိုဝမြစ်ကြောင်းမှ ရေကိုရယူ၍ ၂ဝ၂၅ခုနှစ်တွင် လုပ်ငန်းစီမံကိန်းကို အပြီး
သတ်နိုင်ရန် ရည်မှန်းထားပြီး စီမံကိန်း အပိုင်း ခ ကို ၂ဝ၁၄ ခု၊ စက်တင်ဘာလတွင်
သဘောတူလက်မှတ်ရေးထိုးခဲ့ကာ ရန်ကုန်မြို့အရှေ့ပိုင်းရှိ မြို့နယ်အချို့နှင့်
သီလဝါအထူးစီးပွားရေးဇုန်တို့ကို တစ်နေ့လျှင် ရေဂါလံ သန်းပေါင်း ၄ဝ ပေးဝေနိုင်ရေး
အတွက် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်နေသော အဖွဲ့အစည်းမှာ
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ အင်ဂျင်နီယာ (ရေနှင့် သန့်ရှင်းမှု) ဌာနက
ဖြစ်သည်။
အဓိက မြို့ကြီးများတွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးစနစ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းသည်
မန္တလေးမြို့အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးများအားလုံးရှိ အဓိကမြို့ကြီးများတွင်
လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရာ၌ လက်ရှိအသုံးပြုနေသော အထောက်အပံ့ပစ္စည်းများကို
ဖြည့်တင်းပေးခြင်းနှင့် ပြင်ဆင်မှုများ ပြုလုပ်ခြင်းတို့ဖြစ်သည်။
ရန်ကုန်၊ မန္တလေး မီးရထားလမ်းဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း အဆင့် ၁ (အပိုင်း ၂) အား
ချေးငွေထောက်ပံ့ရခြင်း၏ ရည်ရွယ်ချက်မှာ ရန်ကုန်မှ တောင်ငူအထိ ရထားလမ်းပိုင်းနှင့်
ဆက်နွယ်သည့် အစိတ်အပိုင်းများနှင့် လက်ရှိတည်ရှိနေသော မီးရထားလမ်းများ
ခေတ်မီလာစေခြင်းနှင့် ပြန်လည်ပြုပြင်ခြင်းများ ပြုလုပ်ခြင်းတို့ အတွက်ဖြစ်ကြောင်း
JICA က ၄င်းတို့ ၏ သတင်းထုတ်ပြန်မှုတွင် ဖော်ပြထားခဲ့သည်။
Source : Myanmar Time