ဆယ်စုနှစ်တစ်ခုအတွင်း ဆောက်လုပ်ရေးလုပ်ငန်းတွေ သိသိသာသာ ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး
မိုးမျှော်အဆောက်အအုံတွေ၊ အထပ်မြင့်တိုက်တွေကို ရန်ကုန်မြို့တစ်ဝိုက် နေရာအနှံ့အပြားမှာ
တွေ့မြင်လာရပါတယ်။
ဒီလိုအဆောက်အအုံတွေ တိုးချဲ့တည်ဆောက်လာတာ၊ နေထိုင်သူလူဦးရေ များပြားလာတာနဲ့
အတူ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေ ပိုမိုဖြစ်လာပြီး အဆောက်အအုံတွေမှာ အသုံးပြုဖို့
လိုလာတဲ့ စွမ်းအင်ကလည်း ပိုမိုလိုအပ်လာပါတယ်။
အိန္ဒိယနိုင်ငံက သိပ္ပံပညာရှင်တွေရဲ့စစ်တမ်းတွေအရ အဆင့်မြင့်အဆောက်အအုံတွေ
တည်ဆောက်ဖို့အတွက် အသုံးပြုရတဲ့ စွမ်းအင်aပမာဏက များပြားပြီး အဆောက်အအုံ
ဆောက်နေစဉ်အတွင်းမှာနဲ့ အဆောက်အအုံ တည်ဆောက်ပြီးပါက အဆောက်အအုံအတွင်း
မီးအလင်းရောင်နဲ့ လေအေးပေးစက်တွေအတွက် အသုံးပြုရတဲ့ စွမ်းအင်ပမာဏက စွမ်းအင်
အသုံးပြုမှုအားလုံးရဲ့ ၄ဝ ရာခိုင်နှုန်းခန့် ရှိပါတယ်။
လျှပ်စစ်ထုတ်လုပ်မှုနည်းပါးပြီး စွမ်းအင်လိုအပ်ချက် များစွာရှိနေတဲ့ ဖွံ့ဖြိုးဆဲမြန်မာနိုင်ငံမှာ
အထပ်မြင့်အဆောက်အအုံတွေဖွံ့ဖြိုးလာတာက နောက်ပိုင်းမှာ စွမ်းအင်မလုံလောက်မှုနဲ့ဆိုင်တဲ့
ပြဿနာတွေ ပိုမိုဖြစ်ပေါ်လာနိုင်စေမယ်လို့ ဆောက်လုပ်ရေး လုပ်ငန်း ရင်းနှီးမြှုပ်နှံ
လုပ်ကိုင်နေသူတွေက ပြောပါတယ်။
အနာဂတ်ကာလတွေမှာ စွမ်းအင်ချွေတာနိုင်စေဖို့နဲ့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့အတွက်
အစိမ်းရောင် ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ အစိမ်းရောင် အဆောက်အအုံတွေ ပိုမိုတည်ဆောက်ဖို့
လိုအပ်လာနေပါပြီလို့ ဆိုရမှာပါ။
အစိမ်းရောင်အဆောက်အအုံဆိုတာ သာမန် အဆောက်အအုံတွေထက် လူတွေနဲ့ သဟဇာတ
ပိုဖြစ်ပြီး လိုအပ်တဲ့ ရင်းမြစ်တွေ သုံးစွဲတဲ့နေရာမှာ သာမန်အဆောက်အအုံတွေထက်
သက်သာအောင် စီမံဆောက်ရွက်ထားတဲ့အဆောက်အအုံတွေဖြစ်ပြီး ရေသုံးစွဲမှု၊ ကာဗွန်ဒိုင်
အောက်ဆိုဒ် ထုတ်လွှင့်မှု၊ လိုအပ်တဲ့ လျှပ်စစ်စွမ်းအင် သုံးစွဲမှုအပြင် အဆောက်အအုံ
ဆောက်လုပ်ရာမှာ လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေ အသုံးပြုတာတွေကအစ ပါဝင်ပါတယ်။
အစိမ်းရောင်အဆောက်အအုံဆိုတာ စွမ်းအင်ချွေတာပေးရုံသာ မဟုတ်ဘဲ သဘာဝပတ်ဝန်းကျင်နဲ့
သဟဇာတဖြစ်ဖို့လည်း လိုအပ်ပါတယ်။
ရန်ကုန်မြို့မှာ အဆင့်မြင့် အဆောက်အအုံတွေနဲ့ နိုင်ငံတကာ အဆင့်မီအဆောက်အအုံတွေ
တည်ဆောက်လာကြသော်လည်း အစိမ်းရောင်အဆောက်အအုံ အရေအတွက် ဘယ်လောက်ရှိတယ်
ဆိုတာကို ခန့်မှန်းဖို့ခက်ခဲနေဆဲဖြစ်ကြောင်း Team 6 Engineering Solution and Contral
ကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ ဦးရဲထွန်းအောင်က ပြောပါတယ်။
''ရန်ကုန်မှာ အစိမ်းရောင် ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ အစိမ်းရောင် အဆောက်အအုံတွေ
ဘယ်နှခုရှိလဲဆိုတာကို ဖြေဖို့ ဘယ်စံနှုန်းတွေနဲ့ တိုင်းရမလဲဆိုတာ မရှိသေးပါဘူး။ အမေရိကမှာ
စံနှုန်းတွေ၊ စည်းမျဉ်းတွေကို ထုတ်ပေးတဲ့ အဖွဲ့အစည်းတွေရှိပြီး ဥရောပနဲ့ ဂျပန်နိုင်ငံမှာလည်း
သူတို့ရဲ့Standard အလိုက် အစိမ်းရောင် အဆောက်အအုံဖြစ်စေဖို့ စစ်ဆေးပေးမယ့်
သက်ဆိုင်ရာအဖွဲ့အစည်းတွေ ရှိကြပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာအဆောက်အအုံ
တွေကို အစိမ်းရောင် အဆောက်အအုံဖြစ်၊ မဖြစ်နဲ့ ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်၊ မဖြစ်ဆိုတာတွေကို
စစ်ဆေးပေးမယ့် အဲဒီလိုအဖွဲ့အစည်းတွေ မရှိသေးပါဘူး''လို့ သူက ပြောပါတယ်။
အဆောက်အအုံသစ်များ တည်ဆောက်ရာမှာ အစိမ်းရောင် အဆောက်အအုံဖြစ်စေဖို့ လိုက်နာရမယ့်
အချက်အလက်များကိုလည်း ယခုအချိန်ထိ ဥပဒေအဖြစ် အတည်မပြုနိုင်သေးဘဲ အစိမ်းရောင်
အဆောက်အအုံဆိုင်ရာ စည်းမျဉ်းသတ်မှတ်ချက်များကလည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး
ကော်မတီ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ တခြားသက်ဆိုင်ရာ အဖွဲ့အစည်းများအကြား တူညီတဲ့
စံနှုန်းသတ်မှတ်ချက်များ မပြဋ္ဌာန်းနိုင်သေးတဲ့အတွက် ယခုအချိန်မှာ အဆောက်အအုံများကို
အစိမ်းရောင် အဆောက်အအုံလို့ ထုတ်ပြန်ပြောဆိုဖို့ မဖြစ်နိုင်ကြောင်း ဦးရဲထွန်းအောင်က
ပြောပါတယ်။
''အဆောက်အအုံသစ် တည်ဆောက်မယ်ဆိုရင် အစိမ်းရောင်အဆောက်အအုံဖြစ်စေဖို့ လိုက်နာရမယ့်
အချက်အလက်တွေကို သက်ဆိုင်ရာအစိုးရဌာနက ထုတ်ပြန်ပေးထားခြင်းမျိုး မရှိသေးတဲ့အတွက်
ဘယ်အဆောက်အအုံက အစိမ်းရောင် အဆောက်အအုံဖြစ်တယ်၊ မဖြစ်ဘူးပြောရင် အငြင်းပွားဖွယ်ရာသာ
ဖြစ်နေမှာပါ။ မြန်မာနိုင်ငံ အစိုးရတာဝန်ရှိသူတွေက ဘယ်လိုအဆောက်အအုံတွေက အစိမ်းရောင်
အဆောက်အအုံဖြစ်တယ်ဆိုတာကို ထုတ်ပြန်မပေးနိုင်ပေမဲ့စင်ကာပူအစိုးရရဲ့ အစိမ်းရောင်
အဆောက်အအုံသတ်မှတ်ချက်တွေနဲ့ တိုင်းတာမယ်ဆိုပါက အစိမ်းရောင်အဆောက်အအုံအနေနဲ့
သတ်မှတ်နိုင်တဲ့ အဆောက်အအုံတွေကတော့ ပြည်တွင်းမှာ ရှိနေပါတယ်''လို့သူက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဆီဒိုးနားဟိုတယ်၊ Inya Wing ဟိုတယ်တွေက စင်ကာပူအစိုးရ အသိအမှတ်ပြု
BCA Green Mart ရရှိထားတဲ့ အဆောက်အအုံများဖြစ်ပြီး ထိုအစိမ်းရောင်အဆောက်အအုံ
အသိအမှတ်ပြုလက်မှတ်ရရှိဖို့ ဆောင်ရွက်နေတဲ့ တခြားအဆင့်မြင့် အဆောက်အအုံများလည်း
ရှိပါတယ်လို့ ဦးရဲထွန်းအောင်က ပြောပါတယ်။
''BCA Green Mart ရဖို့ ဆောင်ရွက်နေဆဲ အဆောက်အအုံတွေကတော့ ဂျန်းရှင်းစီးတီး စျေးဝယ်
စင်တာ Phase ၁၊ ဂျန်းရှင်းစီးတီး ရုံးခန်းအဆောက်အအုံနဲ့ ဂျန်းရှင်းစီးတီး ဟိုတယ်တို့ပဲ
ဖြစ်ပါတယ်''လို့ သူက ပြောပါတယ်။
ဆီဒိုးနားဟိုတယ်နှစ်ခုအတွက် BCA အသိအမှတ်ပြုလက်မှတ် ရရှိစေဖို့ Keppel Land International က
ဦးဆောင်ပြီး စင်ကာပူက Measurement & Verification ကုမ္ပဏီနဲ့ မြန်မာပြည်က Team 6 တို့က
ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဂျန်းရှင်းစီးတီးအဆောက်အအုံများအတွက် Singapore Building System
and Diagnostic (BSD) ကုမ္ပဏီက ဆောင်ရွက်နေတာဖြစ်ပါတယ်လို့ သူက ပြောပါတယ်။
စင်ကာပူအခြေစိုက် အဆောက်အအုံနှင့် ဆောက်လုပ်ရေးဆိုင်ရာ အဖွဲ့အစည်းဖြစ်တဲ့ Building and
Construction Authority (BCA) Green Mart ကိုလည်း ၂ဝဝ၅ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး
အဆောက်အအုံများကို သဘာဝပတ်ဝန်းကျင်နဲ့ ပိုမို သဟဇာတဖြစ်စေဖို့နဲ့ စွမ်းအင်ချွေတာဖို့ စစ်ဆေးပြီး
အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးနေတာ ဖြစ်ပါတယ်။
နိုင်ငံတကာအသိအမှတ်ပြု အစိမ်းရောင်အဆောက်အအုံများအဖြစ် အမေရိကန်အခြေစိုက် LEED
(Leadership in Energy and Environmental Design) အဖွဲ့အစည်းက စစ်ဆေးပေးနေပြီး
ကမ္ဘာအနှံ့က အဆောက်အအုံတွေကို အစိမ်းရောင်အဆောက်အအုံဖြစ်၊ မဖြစ်ကို စစ်ဆေးအကဲ
ဖြတ်ပေးနေပါတယ်။ ထိုအမေရိကန်အစိမ်းရောင်အဆောက်အအုံကောင်စီ (US Green Building
Council) ကို ၁၉၉၄ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ LEED က အစိမ်းရောင်
အဆောက်အအုံအဖြစ် အိမ်နီးချင်း ဘန်ကောက်နိုင်ငံက အဆောက်အအုံ ၁ဝ
လုံးခန့်အပါအဝင် ကမ္ဘာအနှံ့အပြားမှာ အဆောက်အအုံ ၈,၃ဝဝ ကျော် အသိအမှတ်ပြုလက်မှတ်
ရရှိပြီးဖြစ်သော်လည်း မြန်မာနိုင်ငံမှာတော့ အဲဒီအဖွဲ့က အစိမ်းရောင်အဆောက်အအုံအဖြစ်
အသိအမှတ်ပြုလက်မှတ် ရထားတဲ့အဆောက်အအုံ မရှိသေးပါဘူး။
အစိမ်းရောင်အဆောက်အအုံတွေ ပိုမိုတည်ဆောက်လာကြစေဖို့ အကြီးစားဆောက်လုပ်ရေး
လုပ်ငန်းများအတွက် အစိုးရဌာနများက အစိမ်းရောင်အဆောက်အအုံဖြစ်စေဖို့ လိုက်နာရမယ့်
အချက်အလက်များကို ထုတ်ပြန်ပေးဖို့ လိုအပ်ပြီး သက်ဆိုင်ရာက သဘာဝနဲ့ သဟဇာတဖြစ်ပြီး
စွမ်းအင်ချွေတာနိုင်မယ့် အစိမ်းရောင် အဆောက်အအုံများ ပိုမိုဆောက်လုပ်လာကြစေဖို့
အားပေးသင့်ကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း ဒုဥက္ကဋ္ဌဖြစ်သူ ဦးလင်းက ပြောပါတယ်။
''ဆောက်လုပ်ရေးလုပ်ငန်းတွေ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်လာနေချိန်မှာပဲ သာမန်
ဆောက်လုပ်ရေးလုပ်ငန်းတွေထက် ငွေကုန်ကြေးကျများပေမဲ့ ရေရှည်အတွက် ကောင်းကျိုး
များစေမယ့် အစိမ်းရောင်ဆောက်လုပ်ရေးလုပ်ငန်းတွေကို စတင် ပရိုမုတ်လုပ်ဖို့ လိုအပ်ပါတယ်။
အစိမ်းရောင်အဆောက်အအုံဖြစ်စေဖို့ လိုက်နာရမယ့် စည်းကမ်းချက်တွေကို ထုတ်ပြန်ပေးဖို့
လိုအပ်ပြီး အစိမ်းရောင်အဆောက်အအုံတွေကို ပိုမိုဆောက်လုပ်ဖို့ အစိုးရက တွန်းအား
ပေးသင့်ပါတယ်''လို့ သူက ပြောပါတယ်။
သာမန်အဆောက်အအုံထက် ဆောက်လုပ်ရေးကုန်ကျစရိတ် သိသိသာသာ ပိုမိုကုန်ကျတဲ့
နိုင်ငံတကာအသိအမှတ်ပြု အစိမ်းရောင် အဆောက်အအုံများကို တည်ဆောက်ဖို့ ငွေကြေး
အခက်အခဲရှိပါကလည်း အဆောက်အအုံတွေမှာ စွမ်းအင်လျှော့သုံးနိုင်စေဖို့ တတ်နိုင်သမျှ
အစိမ်းရောင် အဆောက်အအုံဖြစ်ရန် တည်ဆောက်သင့်ကြောင်း ဦးလင်းက ပြောပါတယ်။
''မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံအနေနဲ့ နိုင်ငံတကာအသိအမှတ်ပြု အစိမ်းရောင်အဆောက်အအုံ
ဆောက်ဖို့ ငွေကြေးမတတ်နိုင်သေးပါက ပတ်ဝန်းကျင်ပျက်စီးမှု လျော့ကျစေဖို့နဲ့ အဆောက်အအုံတွင်း
တတ်နိုင်သလောက် စွမ်းအင်သုံးစွဲမှု လျော့ကျစေဖို့ တည်ဆောက်သင့်ပါတယ်။ အဆောက်အအုံမှာ
မီးသုံးစွဲမှု လျော့နည်းစေဖို့ မှန်တွေနဲ့ တည်ဆောက်သင့်ပါတယ်။ အဆောက်အအုံအတွင်း
လေအေးပေးစက် အသုံးပြုမှု လျော့နည်းစေဖို့လည်း လေဝင်လေထွက် ကောင်းအောင်
တည်ဆောက်တာမျိုး၊ ဒါမှမဟုတ် အပူဒဏ်ကာကွယ်ဖို့ မှန်နှစ်ထပ် တပ်ဆင်ကာ အပူလျော့အောင်
တည်ဆောက်သင့်ပါတယ်''လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံရှိ အဆောက်အအုံများအတွက် အဆောက်အအုံအတွင်း စွမ်းအင်စီမံခန့်ခွဲမှုတွေနဲ့
သက်ဆိုင်တဲ့ အာဆီယံစွမ်းအင်ဆိုင်ရာပြိုင်ပွဲကို ၂ဝဝ၂ ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံက
ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း သိရပါတယ်။
''စိမ်းလန်းအဆောက်အအုံများဆု အပါအဝင် အဆောက်အအုံအတွင်း စွမ်းအင်ဆိုင်ရာ
စီမံခန့်ခွဲရေးဆုတွေကို အာဆီယံအဆင့် ဝင်ရောက်ယှဉ်ပြိုင်ပြီး ဆုတွေလည်း
ရရှိခဲ့ပါတယ်''လို့ သူက ပြောပါတယ်။