မန္တလေးမြို့တော်အတွင်း အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်ခွန်များကို လက်ရှိ သတ်မှတ်ထားသည့် ၃၀ ရာခိုင်နှုန်းမှ ငါးရာခိုင်နှုန်းအထိ ၂ နှစ်ခန့် ယာယီ လျှော့ချသတ်မှတ်ပေးရန် ဆောက်လုပ်ရေး လုပ်ငန်းရှင်များသည် ဇန်နဝါရီလ ၂၆ ရက်နေ့ က မန္တလေးတိုင်းဝန်ကြီးချုပ်ထံ တောင်းဆိုခဲ့သည်။
အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်း အရောင်းအဝယ် အခွန်များကို ၃၀ ရာခိုင်နှုန်းမှ ငါးရာခိုင်နှုန်းသို့ ၂ နှစ်ခန့် လျှော့ချပေးရေး အပါအဝင် စီမံကိန်း အကြီးအသေးပေါ် မူတည်၍ သုံးနှစ်မှ ၁၀ နှစ်အထိ ဘဏ်ချေးငွေ ရရှိရေး၊ ဘဏ်အတိုးနှုန်းများကို ၁၃ ရာခိုင်နှုန်းမှ ၉ ရာခိုင်နှုန်းသို့ လျှော့ချပေးရေး၊ အိမ်ရာ ဝယ်ယူလိုသူများအတွက် ၁၅ နှစ်မှ နှစ် ၂၀ အထိ ဘဏ်ချေးငွေများဖြင့် ဝယ်ယူခွင့် ရရှိနိုင်ရေး၊ တည်ဆောက် ရေးဆိုင်ရာ ခွင့်ပြုမိန့်များ ထုတ်ပေးမည့်ကာလ သတ်မှတ်ချက် ကြေညာပေးရေးနှင့် နိုင်ငံတော် ဘတ်ဂျက်ငွေဖြင့် ဆောင်ရွက်မည့် တည်ဆောက်ရေး လုပ်ငန်းအရေအတွက် များစွာ အကောင်အထည် ဖော်ပေးနိုင်ရေးတို့ကို ဆောက်လုပ်ရေး လုပ်ငန်းရှင်များက တင်ပြတောင်းဆိုခဲ့ကြသည်။
“သူများနိုင်ငံမှာ နိုင်ငံသားတစ်ယောက် တိုက်ဝယ်မယ်ဆိုရင် အစိုးရနဲ့ ဘဏ်က ထောက်ပံ့တာတွေပါရှိတယ်။ ကျွန်တော်တို့ဆီမှာက အခွန်တွေ များနေတာပဲရှိပါတယ်။ အခွန်တိုးကောက်တိုင်း အခွန်တိုးလာမှာ မဟုတ်ပါဘူး။ အခွန် ဆောင်ချင်အောင် လုပ်ပေးမှ အခွန်တိုးလာမှာ ဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောကြားသည်။
ဆောက်လုပ်ရေး လုပ်ငန်းရှင်များ၏ တောင်းဆိုချက်များကို မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က လက်ခံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရန် ရှိနေသည့်အတွက် တင်ပြပေးမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
“ကျွန်တော် ခင်ဗျားတို့ တောင်းဆိုချက်ကို လက်ခံပါတယ်။ ကျွန်တော် ဒါတွေ သိပြီးသားပါ။ ဘာလို့လက်သင့်ခံသလဲဆိုရင် ကျွန်တော် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့စရာရှိလို့ပါ”ဟု မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောဆိုသည်။
ထို့အပြင် မြန်မာနိုင်ငံ၏ စီးပွားရေးသည် တိုင်းရင်းသားလုပ်ငန်းရှင်များ လက်ထဲတွင် ရှိသင့်ကြောင်းနှင့် စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့်လည်း ဒီမိုကရေစီအရေးကို ထောက်ခံသင့်ကြောင်း ဒေါက်တာ ဇော်မြင့်မောင်က တိုက်တွန်း ပြောကြားခဲ့သည်။
အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်း အရောင်းအဝယ် အခွန်များကို ၂၀၁၆ ခုနှစ်ကစတင်ကာ ၁၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ တိုးခဲ့သော်လည်း အခွန်ရရှိမှု ပမာဏ လျော့နည်းခဲ့ကြောင်း မန္တလေး အခြေစိုက် အိမ်၊ ခြံ၊ မြေ လုပ်ငန်းရှင်များထံမှ သိရသည်။
အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်း အရောင်းအဝယ် အခွန်ကို ၂၀၁၅ ခုနှစ်က ၁၅ ရာခိုင်နှုန်းဖြင့် ကောက်ခံခဲ့ရာ အခွန်ငွေ ကျပ် ၁၂၂ ဘီလီယံ ရရှိခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ၃၀ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံခဲ့သော်လည်း အခွန်ငွေ ကျပ် ၆၅ ဘီလီယံသာ ရရှိခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ကျပ် ၂၅ ဘီလီယံသာ ရတော့ကြောင်း မန္တလေး တိုင်းလွှတ်တော်တွင် တိုင်းစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးက ဖြေကြားထားသည်။
Source : The Voice