မြန်မာ့မီးရထားလက်မှတ်ရုံ၊ တွဲပြင်ရုံအပါအဝင် ဘူတာကြီးဘက်စုံစီမံကိန်းဧရိယာနှင့် မလွတ်ကင်းသည့် ရုံး/ ဌာနများအားလုံးပြောင်းရွှေ့ပေးရမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
စီမံကိန်းမစတင်မီ ကြိုတင်ပြောင်းရွှေ့ရမည့် လက်မှတ်ရုံများ၊ စာတိုက်ရုံး (ရန်ကုန်ဘူတာ)၊ တိုင်းအမှတ် (၇) ဆက်သွယ်ရေးဌာနရုံးများ၊ ပြည်တွင်းကုန်တင်ကုန်ချကော်မတီရုံး၊ ရထားရဲစခန်း၊ တပ်ခွဲမှူးရုံး (ရထားရဲတပ်ဖွဲ့)၊ ဒုတပ်ဖွဲ့မှူးရုံး (ရထားရဲတပ်ဖွဲ့)များသို့ သြဂုတ် ၃၀ ရက် နံနက်ပိုင်းက မြန်မာ့မီးရထားမှ တာဝန်ရှိသူများနှင့် ရထားရဲတပ်ဖွဲ့မှ တာဝန်ရှိသူများသွားရောက်ကြည့်ရှုကာ ပြန်လည်နေရာချထားရေးကိစ္စရပ်များ စီစဉ်ခဲ့ကြောင်း သိရသည်။
''အခုက မီးရထားမြေနေရာမှာပဲ ရွှေ့ပြောင်းပေးဖို့ နေရာရှာနေတာပေါ့။ စာချုပ်ချုပ်ပြီဆိုတာနဲ့ အကုန်ပြောင်း ပေးရမှာ။ စီမံကိန်းက စာချုပ်မချုပ်သေးဘူး။ စာချုပ်ချုပ်ပြီးတဲ့အခါ ရွှေ့ပြောင်းဖို့အတွက် ကြိုတင်ပြင်ဆင် နေတာပါ။ စာချုပ်ချုပ်မယ့်ကာလကို မသိရသေးဘူး။ ခန့်မှန်းခြေ ၂၀၁၉ ခုနှစ်ထဲမှာ ဖြစ်မယ်လို့ ထင်ပါ တယ်''ဟု မြန်မာ့မီးရထားမှတာဝန်ရှိသူတဦးကပြောသည်။
ထို့ပြင် ရက်ကြိုလက်မှတ်ရုံကို ပန်းဆိုးတန်းခုံးတံတားအောက်သို့လည်းကောင်း၊ ရန်ကုန်ဘူတာကြီးရှိ ပါဆယ်ရုံကို ကြည့်မြင်တိုင်ဘူတာရှိ မီးရထားမြေသို့လည်းကောင်း၊ ဘူတာကြီးမီးရထားရှန်တိန်ပြုလုပ်သည့် တွဲစည်ယဒ်ဝန်းနှင့် တွဲပြင်ရုံတို့ကို ပုဇွန်တောင်(စက်ခေါင်း ပြင်စက်ရုံ)ဘက်သို့ လည်းကောင်း၊ ဦးစားပေး အစီအစဉ်ဖြင့် ရွှေ့ပြောင်းရန် မြန်မာ့မီးရထားမှစီစဉ်နေကြောင်း သိရသည်။
ရန်ကုန်ဘူတာကြီးအဆင့်မြှင့် စီမံကိန်းဧရိယာနှင့် မလွတ်ကင်းသည့် မင်္ဂလာတောင်ညွန့်မီးရထားဝင်း၊ သိမ်ဖြူမီး ရထားဝင်းတို့ ရွှေ့ပြောင်းပေးရမည်ဖြစ်ပြီး တာမွေ၊ ဘောက်ထော်၊ ကံဘဲ့နှင့် ရွာသာကြီးတို့တွင် မီးရထားဝန်ထမ်းအိမ်ရာများ တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်ဘူတာကြီးအဆင့်မြှင့်တင်တည်ဆောက်ခြင်း စီမံကိန်းအတွက် စင်ကာပူ Oxley Holdings၊ မြန်မာ မင်းဓမ္မကုမ္ပဏီနှင့် တရုတ် Sino Great Wall ကုမ္ပဏီတို့ပူးပေါင်းထားသည့် Oxley-Min Dhamma-Sino Great Wall လုပ်ငန်းစုကို ရွေးချယ်ထားသည်။ အဆိုပါစီမံကိန်းမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံ ကုန်ကျမည်ဖြစ် ပြီး ဧရိယာ ၂၅ ဒသမ ၇ ဟတ်တာ (၆၃ ဒသမ ၅ ဧက)ရှိသည့်အနက် မြေပြင်ဧရိယာ ၁ ဒသမ ၀၉ စတုရန်း မီတာအကျယ်အဝန်းပေါ်တွင် ဆောက်လုပ်ရေးလုပ်ငန်းများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
Source : News Watch
#estatemyanmar #realestate #property #lease #buy #sell #apartment#condo #flat #house #villa
#residence #office #commercial #residential#realtor #agency #agent #tenant #buyer
#investor #leasing #yangon#myanmar #estate #HMMLJune2018 #Special