ဝါကျွတ်ကာလနီးကပ်လာချိန် မန္တလေးအိမ်ခြံမြေအငှားစျေးကွက်ဟာ အရင်နှစ်ကထက်စာရင် အငှားသွက် စျေးတက်နေတယ်လို့ အကျိုးဆောင် လုပ်ငန်းရှင်အချို့က ဆိုပါတယ်။
အထူးသဖြင့် မန္တလေးမြို့ ဆင်ခြေဖုံးရပ်ကွက်တွေနဲ့ မြို့သစ်ရပ်ကွက်တွေဘက်မှာ ပိုမိုအငှားသွက်နေတယ်လို့ သိရပါတယ်။ ‘ အငှားစျေးကွက်က ကောင်းတယ်၊ အငှားစျေးတွေက တက်တယ်၊ နေရာအနေအထားပေါ်မူတည်ပြီး မနှစ်ကနဲ့ဆိုရင် အနည်းဆုံး (၁၀)ရာခိုင်နှုန်းလောက်တက်တယ် ‘ လို့ အကျိုးဆောင်ဦးမျိုးက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်က တစ်လငှားရမ်းခနှုန်းထား ကျပ် (၃)သိန်းနဲ့ ငှားရမ်းခဲ့တဲ့ မြေကွက်ဟာ သည်နှစ်မှာ ကျပ် (၄)သိန်းခန့်နဲ့ ငှားဖို့ စျေးခေါ်တာ တွေ့ရတယ်။
လတ်တလော အိမ်ခြံမြေစျေးကွက်အတွင်းမှာ မြေငှားရမ်းလိုသူများပြားပြီး အငှားမြေပို်င်ရှင် အချိုးနည်းနေတဲ့အတွက် ယခုထက်ပိုမိုအငှားသွက် စျေးတက်မယ်လို့ အကျိုးဆောင်လုပ်ငန်းရှင် အချို့က ခန့်မှန်းပါတယ်။ အခြေခံလူတန်းစားတွေအများဆုံးနေထိုင်ရာ ရပ်ကွက်တွေမှာလည်း အိမ်အငှားသွက်နေပြီး ငှားရမ်းခနှုန်းထားတွေဟာ ပြီးခဲ့တဲ့ (၂၀၁၇)ခုနှစ် အောက်တိုဘာလကထက်စာရင် စျေးမြင့်တက်လာတယ်လို့ မြို့ခံအိမ်ခြံမြေအငှားအကျိုးဆောင်အချို့က ပြောပါတယ်။
ငှားရမ်းခမြင့်တက်
ချမ်းအေးသာစံမြို့နယ်က ယာဉ်ပျံ၊ ရွှေယာဉ်မွန်၊ ကျန်းမာရေး၊ အောင်မြေသာစံမြို့နယ်က နန်းဦးလွင်၊ ဘူးကုန်း၊ သရက်ကုန်း၊ ပုသိမ်ကြီးမြို့နယ်က မဲခင်းကုန်း၊ ကျွဲရေကုန်းစတဲ့ ရပ်ကွက်တွေက အိမ်ငှားရမ်းခတွေ မြင့်တက်လာတာ ဖြစ်တယ်။
သွားရေးလာရေးလွယ်ကူ အဆင်ပြေတာ၊ မြို့တွင်းအချက်အချာကျတဲ့ နေရာတွေနဲ့ မနီးမဝေးမှာရှိတာ၊ မြို့တွင်းအိမ်အငှားစျေးနှုန်းတွေနဲ့ယှဉ်ရင် အိမ်ငှားရမ်းခနှုန်းထား အဆမတန်သက်သာတာတွေကြောင့် အဲသည်ရပ်ကွက်တွေမှာ အိမ်ငှားနေထိုင်လိုသူတွေ ပိုမိုများပြားပြီးနောက်ပိုင်း အိမ်ငှားရမ်းခနှုန်းထားတွေ ယခုလို အဆမတန်မြင့်တက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။
Source : The Modern