မန္တလေးတိုင်းဒေသကြီး တွင် ဖော်ဆောင်နေသည့် New Mandalay Resort City စီမံကိန်း တွင် ရင်းနှီးမြှုပ်နှံရန် မန္တလေးစီးပွားရေးဖိုရမ်သို့ တက်ရောက်လာသည့် ပြည်ပစီးပွားရေးလုပ်ငန်းရှင်များကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်ဇော်က ဖိတ်ခေါ်သည်။
‘‘ပြင်ဦးလွင်မြို့လေးမှာ New Mandalay Resort City ဆိုပြီး Develop လုပ်မှာပါ။ ဧကတစ် သောင်းကျော်ရှိပါတယ်။ လောလောလတ်လတ် ပထမပိုင်းအနေ နဲ့ ဧကပထမအဆင့်မှာ ခုနစ် ထောင်ကျော်ကို EOI ခေါ်ပါတယ်။ တင်ဒါတွေလုပ်နေပါတယ်။ နိုင်ငံခြားလုပ်ငန်းရှင်တွေ သွားကြည့်ရင်အခွင့်အလမ်းတွေ တွေ့ရပါ မယ်’’ဟု မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောသည်။
မန္တလေးတိုင်းရှိ ရင်းနှီးမြှုပ်နှံ မှု အခွင့်အလမ်းကောင်းများ ဖော်ထုတ်ရန်နှင့် ပြည်တွင်းပြည်ပ စီးပွားရေး လုပ်ငန်းများအကြား ဆက်သွယ်မှုတိုးမြှင့်ရန် မန္တလေး စီးပွားရေးဖိုရမ်နှင့် ပြပွဲကို နိုဝင် ဘာ ၉ ရက်မှ ၁၁ ရက်အထိ သုံးရက်ကြာ ကျင်းပခဲ့သည်။
မန္တလေးစီးပွားရေးဖိုရမ်နှင့် ပြပွဲသို့ ပြည်တွင်း၊ ပြည်ပစီးပွား ရေးလုပ်ငန်းရှင် ကိုးရာကျော် တက်ရောက်ဆွေးနွေးခဲ့သည်။
New Mandalay Resort City ကို စက်မှု IT နည်းပညာ၊ စိုက်ပျိုးရေးစီမံကိန်း၊ စီးပွားရေးလုပ် ငန်း၊ ကျန်းမာရေး၊ ပညာရေးဝန် ဆောင်မှုလုပ်ငန်းများနှင့် ဟိုတယ် နှင့် ခရီးသွားလုပ်ငန်းအခြေပြု မြို့ အဖြစ် ဖော်ဆောင်မည်ဖြစ်သည်။
စီမံကိန်းဧရိယာ အပိုင်း(၁) သည် ဧက ၂,၂၀၀ ကျယ်ဝန်းမည် ဖြစ်ပြီး စက်မှုဇုန်၊ လူနေဇုန်နှင့် ပညာရေး၊ ကျန်းမာရေးဝန်ဆောင် မှုဇုန်များပါဝင်မည်ဖြစ်ကြောင်း၊ အပိုင်း(၂) သည်ဧက ၂,၉၁၉ ဧက ကျယ်ဝန်းပြီး လူနေမြေ၊ Mixed Development Zone၊ အုပ်ချုပ်မှု ဇုန်၊ စီးပွားရေးဇုန်၊ စိုက်ပျိုးရေး အခြေပြုစက်မှုဇုန်၊ အသေးစားစက်မှုလက်မှုဇုန်များ ပါဝင်မည် ဖြစ်ကြောင်း၊ အပိုင်း(၃) သည် ၄,၇၄၄ ဧကကျယ်ဝန်းကာ အဆင့် မြင့်လူနေအိမ်ရာ၊ တန်ဖိုးမျှတ အိမ်ရာ၊ ဂေါက်ကွင်း၊ စိုက်ပျိုးရေး ဇုန်နှင့် AGRO Park များပါဝင်သည်။
နိုဝင်ဘာ ၁၀ ရက်က နိုင်ငံတကာနှင့် ပြည်တွင်းမှ လုပ်ငန်းရှင်များကို မန္တလေးတိုင်းရှိ ရင်းနှီးမြှုပ်နှံနိုင်သော နေရာများ ကွင်း ဆင်းကြည့်ရှုနိုင်ရန် လိုက်လံပြသ ရာ New Mandalay Resort City စီမံကိန်းနေရာကို ပြသခဲ့သည်။
မန္တလေးတိုင်းဒေသကြီး ပြင် ဦးလွင် ၂၁ မိုင်ဝန်းကျင်တွင် ဖော်ဆောင်နေသည့် အဆိုပါစီမံကိန်း ကို လက်ရှိ အစိုးရသက်တမ်းမ ကုန်ဆုံးမီ အဆိုပါစီမံကိန်း၏သုံးပုံ တစ်ပုံခန့် အကောင်အထည်ဖော်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူ က ပြောကြားထားသည်။
၂၀၀၆ ကဆက်သွယ်ရေး နှင့် နည်းပညာကဏ္ဍများ ဖွံ့ဖြိုးလာစေရန် ဆက်သွယ်ရေးဝန်ကြီး ဌာနက စတင်အကောင်အထည် ဖော်ခဲ့သည့် ရတနာပုံမြို့သစ်စီမံကိန်းသည် ၂၀၁၀ မတိုင်မီ အကြောင်းအမျိုးမျိုးကြောင့် ရပ်ဆိုင်းပြီးနောက် ယခုအစိုးရလက်ထက်တွင် New Mandalay Resort City ဟု အမည်ပြောင်းလဲကာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်ရန် စီစဉ်နေခြင်း ဖြစ်သည်။
Source : 7Daydaily