ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား -အမှတ်၃) စီမံကိန်း တည်ဆောက်ရန် အတွက် ဂျပန်နိုင်ငံမှ ချေးငွေ အမေရိကန် ဒေါ်လာ ၂၈၂သန်းရရှိပြီး ၂၀၂၃ ခုနှစ်တွင် လုပ်ငန်းပြီးစီးရန် လျာထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဌေးဦးက ပြောကြားသည်။
“သန်လျင်တံတား-အမှတ် ၃ အတွက် ချေးငွေရလို့ စာချုပ်ချုပ်ဖို့ လုပ်နေပြီ။ လုပ်ငန်း တည်ဆောက်ဖို့အတွက် လုပ်နေပြီ။ အမေရိကန်ဒေါ်လာ ၂၈၂ သန်း ချေးငွေရရှိတာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံချေးငွေ ဖြစ်တယ်။ စာချုပ်ကို ၂၀၁၉ မှာ အပြီးချုပ်မှာ ဖြစ်တယ်။ လုပ်ငန်းကို ၂၀၁၉ မတ်လမှာ စတင်နိုင်ဖို့ Program တော့ ရေးဆွဲထားပြီ ဖြစ်ပါတယ်။ လုပ်ငန်းပြီးစီး ကာလကတော့ ၂၀၂၃ ကို လျာထားပါတယ်။ တံတားပုံစံကတော့ ခေတ်မီ ကြိုးဆိုင်းနည်းပညာစနစ် ဖြစ်ပါတယ်။ ပန္နက်တင် အခမ်းအနားကို မတ်လထဲမှာ လုပ်ဖြစ်လောက်မယ်။ အခု ဂျပန်နိုင်ငံက ချေးမယ့် ၂၈၂ သန်းက ခန့်မှန်းခြေပဲ ရှိသေးတယ်။ ဂျပန်နိုင်ငံက ပေးမယ့် အတိအကျကို လက်ထဲကို မရောက်သေးပါဘူး” ဟုဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဌေးဦးက ဆိုသည်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၇ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမ ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က စီးပွားရေးသည် ဒေသတွင်းနိုင်ငံများနှင့် ဆက်စပ် ဆောင်ရွက်နိုင်မှုအပေါ် များစွာ မူတည်ကြောင်း၊ သီလဝါ အထူးစီးပွားရေးဇုန်မှ အရှေ့အနောက် စီးပွားရေး စင်္ကြံလမ်းမကြီးမှတစ်ဆင့် အာဆီယံနိုင်ငံများသို့ တိုက်ရိုက်ကူးသန်း သွားလာနိုင်မည့် သန်လျင်တံတား အမှတ်-၃ သည် နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် က နိုင်ငံတော်သမ္မတက ပေးပို့ထားသည့် ဆောက်လုပ်ရေးဝန်ကြီးဌာနအတွက် ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ်- ၃) စီမံကိန်း ဆောင်ရွက်ရန် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီမှ အမေရိကန်ဒေါ်လာ ၂၈၂ ဒသမ ၅၄ သန်းနှင့် ညီမျှသည့် ဂျပန်ယန်း ၃၁ ဒသမ ၀၅၁ ဘီလျံ ချေးငွေချေးယူရေးကိစ္စကို ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပေးနိုင်ရန် ရှင်းလင်းတင်ပြခဲ့ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက သန်လျင် တံတား အမှတ်-၃ ချေးငွေချေးယူရေးကိစ္စအား ရှင်းလင်း တင်ပြပြီးနောက် လွှတ်တော်က ချေးငွေယူရန် အတည်ပြု ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
Source : Eleven Media Group