(+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

ပုံစံသစ်နဲ့ အိမ်ငှားမယ့် စိုက်ငှားအစီအစဉ်

တစ်နှစ်ထက်တစ်နှစ် ရွှေ့ပြောင်းနေထိုင်သူတွေ ပိုမိုများပြားလာတဲ့ ရန်ကုန်မြို့မှာ လူဦးရေအချိုးနဲ့ တွက်ချက်ကြည့်မယ်ဆိုရင် အိမ်ရာ လိုအပ်ချက်တွေက အများအပြားရှိနေဆဲပဲ ဖြစ်ပါတယ်။ အိမ်ရာလိုအပ်ချက်ထဲကမှ လူလတ်တန်းစား ပြောင်းရွှေ့နေထိုင်သူတွေအတွက် အဆောင်တွေနဲ့ အိမ်ငှားတွေက အဓိကအားကိုးရာဖြစ်နေပါတယ်။


ရန်ကုန်ရဲ့ အိမ်ခြံမြေဈေးကွက်အနေအထားအရ အရောင်းနဲ့ အငှားက ပုံမှန်လည်ပတ်နေတဲ့ အနေအထားလောက်သာ ရှိပေမဲ့ အဆောင်ဈေးကွက်ကတော့ ခိုင်ခိုင်မာမာနဲ့ တည်ရှိနေဆဲဖြစ်ပါတယ်။


ခေတ်စနစ်အခြေအနေ တိုးတက်လာတာနဲ့အမျှ လူတစ်ဦးစီတိုင်းရဲ့ ပျမ်းမျှဝင်ငွေတွေဟာ တိုးတက်လာတဲ့အတွက် ကျဉ်းကျပ်ပြီး လူများတဲ့ အဆောင်တွေကနေ နှစ်ယောက်၊ သုံးယောက်လောက် စုနေဖို့ တတ်နိုင်တဲ့ တန်ဖိုးနည်းတဲ့ အငှားတိုက်ခန်းတွေဆီကို ပြောင်းရွှေ့ဖို့ ကြိုးစားလာကြပါတယ်။


သို့သော် ဈေးကွက်အခြေအနေအရ တိုက်ခန်းတွေကို အများအားဖြင့် ခြောက်လ၊ တစ်နှစ်စာချုပ်နဲ့သာ ငှားရမ်းလေ့ရှိကြတဲ့အပြင် အခန်းရှာပေးတဲ့ အရပ်ပွဲစားတွေအတွက် အိမ်ငှားခတစ်လစာဝန်ဆောင်ခပေးရတာကြောင့် တစ်လုံးတစ်ခဲတည်းပေးရတဲ့ ငွေပမာဏဟာ မြင့်တက်သွားခဲ့ပါတယ်။


ဒါကြောင့် ငွေပမာဏအများကြီးကို တစ်လုံးတစ်ခဲတည်းပေးဖို့ခက်ခဲတဲ့သူတွေဟာ အဆောင်လောကမှာပဲ ဆက်လက်ကျင်လည်နေကြရပါတော့တယ်။ အိမ်ငှားဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်တဲ့ "နေရာ"ကနေ ခြောက်လစာ စိုက်ငှားဝန်ဆောင်မှုအစီအစဉ်ကို မကြာသေးခင်က စတင်ခဲ့ပါတယ်။ သူ့ရဲ့ထူးခြားချက်ကတော့ ခြောက်လစာအိမ်ငှားခကို တစ်လုံးတစ်ခဲတည်း မပေးချင်တဲ့သူတွေ၊ မပေးနိုင်တဲ့ သူတွေအတွက် အိမ်ငှားခကို စိုက်ထုတ်ပေးပြီး လစဉ် အိမ်ငှားခနဲ့အတူ ဝန်ဆောင်ခကို ပြန်လည်ရယူတာပဲ ဖြစ်ပါတယ်။


လက်ရှိစမ်းသပ်ကာလမှာတော့ အများဆုံး ငွေကျပ် နှစ်သိန်းတန်ဖိုးရှိတဲ့ တိုက်ခန်းတွေကို ငှားရမ်းနေထိုင်လိုသူတွေအတွက် ငွေစိုက်ထုတ်ငှားရမ်းပေးမှာဖြစ်ပြီး လုပ်ငန်းအခြေအနေ ကောင်းမွန်လာခဲ့ရင် နောက်ပိုင်းမှာတော့ ငွေလုံးငွေရင်းစိုက်ထုတ်နိုင်တဲ့ ကုမ္ပဏီတစ်ခုနဲ့အတူ အခန်းအရေအတွက် များများငှားပေးနိုင်အောင် ပူးပေါင်းဆောင်ရွက်သွားမယ်လို့"နေရာ"ရဲ့ CEO ဖြစ်တဲ့ ကိုအန်ဒရူးကျော် (Andrew Kyaw) က ပြောပါတယ်။


ငှားရမ်းခ ငွေကျပ် နှစ်သိန်းရှိတဲ့ တိုက်ခန်းအတွက် ခြောက်လစာ ငှားရမ်းခ ၁၂ သိန်းကို စိုက်ငှားအစီအစဉ်ကနေ စိုက်ထုတ်ပေးမှာဖြစ်ပြီး ဝန်ဆောင်ခအဖြစ် အဆိုပါငွေရဲ့ ၁၈ ရာခိုင်နှုန်းကို ကောက်ခံမှာ ဖြစ်ပါတယ်။


ဝန်ဆောင်ခ ၁၈ ရာခိုင်နှုန်းကို ခြောက်လခွဲပြီး တစ်လကို သုံးရာခိုင်နှုန်း ပေးဆောင်ရမှာ ဖြစ်ပါတယ်။ ငှားရမ်းသူတွေအနေနဲ့ လစဉ် အိမ်ငှားက ငွေကျပ် နှစ်သိန်းနဲ့အတူ ဝန်ဆောင်ခ သုံးရာခိုင်နှုန်းအတွက် ၃၆ဝဝဝ ကျပ်၊ စုစုပေါင်း ငွေကျပ် ၂၃၆ဝဝဝ ကို လစဉ်ပေးသွင်းရမှာပဲ ဖြစ်ပါတယ်။


သာမန်လူတစ်ယောက်အနေနဲ့ ရုတ်တရက်ကြည့်မယ်ဆိုရင် အခုတောင်းတဲ့ တစ်လကို သုံးရာခိုင်နှုန်းက များတယ်လို့ မြင်ကြလိမ့် မယ်။ တကယ်တော့ ဒီနှုန်းက အပြင်က အသေးစားချေးငွေလုပ်ငန်း တွေထက် အရမ်းကိုနည်းပါတယ်"လို့ ကိုအန်ဒရူးကျော်က ဆိုပါတယ်။


နောက်ပိုင်းမှာ ပြင်ပက အိမ်ခန်းတွေသာမက နေရာနဲ့ ပါတနာလုပ်ထားတဲ့ အခန်းတွေမှာပါ အလွယ်တကူ ရွေးချယ်နေထိုင်နိုင်အောင် ပြုလုပ်သွားမှာဖြစ်ပြီး ပါတနာအခန်းတွေမှာ နေထိုင်တဲ့သူတွေအတွက် အပတ်စဉ် အမှိုက်သိမ်းခြင်း၊ ရေသန့်ဘူးပို့ဆောင်ပေးခြင်းနဲ့ အခြား အိမ်တွင်းဝန်ဆောင်မှု လုပ်ငန်းတွေကို အလျဉ်းသင့်သလို ဝန်ဆောင်မှုပေးသွားဖို့ အစီအစဉ်တွေရှိကြောင်းလည်း ကိုအန်ဒရူးကျော်က ဆိုပါတယ်။


"အခုလောလောဆယ်မှာတော့ စမ်းသပ်ကာလပဲရှိသေးတဲ့အတွက် အပြင်က အခန်းတွေကို လိုက်ငှားပေးတာမျိုးပဲရှိသေးတယ်၊ ငှားရမ်းဖို့လာရောက်ဆက်သွယ်တဲ့သူတွေက အရမ်းများတယ်၊ ဒီထဲကမှ ငွေကြေးနဲ့ ဆက်စပ်နေတဲ့အလုပ်ဖြစ်တဲ့အတွက် သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့သူတွေကို သေချာစိစစ်ရွေးချယ်ရပါတယ်"လို့ ကိုအန်ဒရူးကျော်က ဆိုပါတယ်။


စိုက်ငှားရဲ့အစီအစဉ်နဲ့ အိမ်ငှားချင်တဲ့သူတွေအနေနဲ့ မှတ်ပုံတင်မိတ္တူ(အသက် ၁၈ နှစ်ပြည့်ပြီးကြောင်း မှတ်ပုံတင်)၊ အမြဲတမ်း အိမ်ထောင်စုစာရင်းမိတ္တူ (နယ်မှာနေထိုင်သူဖြစ်ပါက နယ်က အိမ်ထောင်စုဇယား)၊ ကုမ္ပဏီဝန်ထမ်းဖြစ်ကြောင်း ထောက်ခံစာ (ထောက်ခံစာကို ကုမ္ပဏီ၏ လိပ်စာပါသောစာရွက်တွင် လျှောက်ထားသူ၏ အမည်၊ လစာ၊ လုပ်သက်နှစ်နှင့် ရာထူးတို့ကို ဖော်ပြရမည်) တို့ကို တင်ပြရမှာဖြစ်ပါတယ်။


ဒါ့ပြင် ထောက်ခံသူတစ်ဦးလည်း ပါရှိရမှာဖြစ်ပြီးတော့ ထောက်ခံသူရဲ့ မှတ်ပုံတင်မိတ္တူ၊ လက်ရှိလုပ်ကိုင်နေသော ကုမ္ပဏီ၊ ရာထူး၊ ဆက်သွယ်ရန် ဖုန်းနံပါတ်နဲ့ လိပ်စာတို့ ပါရှိရမှာဖြစ်ပါတယ်။ လျှောက်ထားသူက ငွေပေးသွင်းရန် တစ်စုံတစ်ရာ ပျက်ကွက်ခဲ့ပါက ထောက်ခံသူက တာဝန်ခံစိုက်သွင်းရမှာ ဖြစ်ပါတယ်။


တစ်နည်းအားဖြင့် ငွေကြေးနဲ့ ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတစ်ခုဖြစ်တာကြောင့် လျှောက်ထားလိုသူ တစ်ဦးချင်းစီရဲ့ ပုံမှန်ဝင်ငွေအပေါ်မှာမူတည်ပြီး ဝန်ဆောင်မှုပေးမပေးကို ဆုံးဖြတ်ရတာဖြစ်တယ်လို့ ကိုအန်ဒရူးကျော်က ဆိုပါတယ်။


စိုက်ငှားအစီအစဉ်ရဲ့ စည်းကမ်းသတ်မှတ်ချက်တွေအရ လျှောက်ထားလိုသူတွေအနေနဲ့ ပိုင်ရှင် တိုက်ရိုက်အခန်းကိုသာ ငှားရမ်းရမှာ ဖြစ်ပါတယ်။ ပွဲစားနဲ့ချိတ်ဆက်ထားတဲ့ အခန်းတွေဖြစ်ပါက နေရာက ပွဲစားခ ပေးချေမှာမဟုတ်ဘဲ တိုက်ခန်းငှားရမ်းလိုသူကသာ ပေးချေရမှာ ဖြစ်ပါတယ်။


နေရာအနေနဲ့ တိုက်ခန်းပိုင်ရှင်ဆီက ဝန်ဆောင်ခ (လဝက်စာ)ကောက်ခံမှာ ဖြစ်ပါတယ်၊ စပေါ်အနေနဲ့ တစ်လစာ အခန်းငှားခကို ကြိုတင်ပေးသွင်းရမှာဖြစ်ပြီး နောက်ဆုံး ခြောက်လမြောက်အတွက် ပေးသွင်းစရာ လိုတော့မှာ မဟုတ်ပါဘူး။


တိုက်ခန်းငှားလိုသူဟာ ခြောက်လအပြည့် နေထိုင်ရမှာဖြစ်ပြီး ရွှေ့ပြောင်းခြင်း၊ လူပြောင်းလဲခြင်းများ လုံးဝပြုလုပ်ခွင့်မရှိဘူးလို့ သတ်မှတ်ထားပါတယ်။ ဒါ့ပြင်"နေရာ"မှနေပြီး တိုက်ခန်းပိုင်ရှင်နဲ့ အငှားစာချုပ်ကို ချုပ်ဆိုပေးမှာဖြစ်ပြီး ဝန်ဆောင်မှုရယူနေထိုင်သူတွေအနေနဲ့ "နေရာ" နဲ့ ငွေကြေးစာချုပ်ချုပ်ဆိုရမှာ ဖြစ်ပါတယ်။

Facebook comments