အိမ်ခြံမြေအကျိုးဆောင်များ မျှော်လင့်နေသည့် မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုဥပဒေကို ပြည်ထောင်စုလွှတ်တော်တွင် သုံးလအတွင်း ပြဋ္ဌာန်းနိုင်မည်ဖြစ် ကြောင်း ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးတင်မောင်ဝင်းက ပြောသည်။
မတ် ၂၃ ရက်က ကုန်သည်များနှင့် စက်မှုလက်မှုအသင်းချုပ်တွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း နှစ်ပတ်လည်အစည်းအဝေးပွဲတွင် ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
"ဒီဥပဒေက နိုင်ငံတကာမှာလည်း ရှိနေတဲ့အတွက် ကျွန်တော့်အနေနဲ့ လိုအပ်တယ်လို့ ယူဆတယ်။ ဒီဥပဒေမှာ ပါဝင်ပတ်သက်နေတဲ့သူတွေအားလုံးရဲ့သဘောထားမှတ်ချက်တွေကို တောင်းခံပြီးတော့ ပြန်စိစစ်ပြီး တင်ထားတယ်။ သုံးလအတွင်း ပြဋ္ဌာန်းနိုင်မယ်လို့ မျှော်လင့်တယ်"ဟု ၎င်းကဆိုသည်။
မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းသည် အာဆီယံနိုင်ငံများနှင့်လည်း ဈေးကွက်ချိတ်ဆက်နိုင်ရန် သဘောတူလက်မှတ်ရေးထိုး ထားသည်။ ထိုသို့ အာဆီယံနှင့် ဈေးကွက်ချိတ်ဆက်နိုင်ရန် ဆောင်ရွက်ထား ခြင်းကြောင့် အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းများအကြား တိကျသည့်ဥပဒေ သတ်မှတ်ချက်များရှိရန် လိုအပ်ကြောင်း ဦးတင်မောင်ဝင်းက ဆိုသည်။
ဥပဒေထွက်ရှိပါက ရောင်းသူ၊ ဝယ်သူနှင့် အကျိုးဆောင်များအတွက် အကာအကွယ်ရှိလာမည်ဖြစ်ပြီး အိမ်ခြံမြေရောင်းဝယ်ရာတွင် အမှားအယွင်းများလည်း နည်းပါးလာမည်ဖြစ်ကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများလည်း ဈေးကွက်အတွင်း ဝင်ရောက်လာနိုင်ကြောင်း အိမ်ခြံမြေလုပ်ငန်းရှင်များက ဆိုသည်။
"ဒီဥပဒေမှာ အကျိုးဆောင်လိုင်စင်ကိစ္စတွေလည်း ပါတဲ့အတွက် အိမ်ခြံမြေရောင်းဝယ်မှုတွေဟာ တိတိကျကျဖြစ်သွားပြီး နိုင်ငံတော်လည်း အခွန်ရစေမှာ ဖြစ်တယ်။ ဈေးနှုန်းကြီးမားမှုတွေကိုလည်း ထိန်းလာနိုင်မယ်"ဟု မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်းဥက္ကဋ္ဌ ဦးခင်မောင်သန်းက ပြောသည်။
အိမ်ခြံမြေဝန်ဆောင်မှုဥပဒေကြမ်းတွင် အိမ်ခြံမြေဝန်ဆောင်မှု ပေးသူနှင့် ရယူသူ နှစ်ဦးနှစ်ဖက်အကြား ဥပဒေနဲ့အညီ အကျိုးခံစားခွင့်များ ရရှိစေရန် အချက်များ ထည့်သွင်းထားပြီး ဝန်ဆောင်မှုလုပ်ကိုင်လိုသူများအတွက် မှတ်ပုံတင်ခြင်း၊ ယာယီလိုင်စင်ထုတ်ပေးခြင်း၊ လိုင်စင်ထုတ်ပေးခြင်း၊ ဝန်ဆောင်မှုဆိုင်ရာ စည်းကမ်းချက်များနှင့် အရေးယူဆောင်ရွက်ခြင်းတို့ ပါဝင်သည်။
"လက်ရှိသဘောတူညီချက်တွေအရ နိုင်ငံခြားကလူတွေ မြန်မာအိမ်ခြံမြေလောကကို ဝင်ရောက်လာမယ်။ အဲဒီလိုဝင်ရောက်လာတဲ့အခါမှာ မြန်မာနိုင်ငံမှာရှိတဲ့ အကျိုးဆောင်တွေက အရည်အသွေးအပိုင်းတွေ၊ ဝန်ဆောင်မှု အပိုင်းတွေကို ကြိုတင်ပြင်ဆင်ထားဖို့လိုတယ်"ဟု အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းလုပ်ကိုင်သူ ဦးအောင်ကိုကိုဦးက ဆိုသည်။
မြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေးကွက်သည် အခွင့်အလမ်းများစွာ ရှိနေပြီး ပြည်ပနိုင်ငံများမှ ဝင်ရောက်လုပ်ကိုင်လာနိုင်ရာ အကျိုးဆောင်များသည် နိုင်ငံခြား ကုမ္ပဏီများနှင့် ချိတ်ဆက်၍ အလုပ်လုပ်ကိုင်ရမည်ဖြစ်ကြောင်း ယင်းအတွက် မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုဥပဒေ ပြဋ္ဌာန်းနိုင်ရန်လိုကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းရှင် ဦးကျော်တင်က ပြောသည်။