(+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

ဒီတစ်ပတ်ရဲ့ စိတ်ကြိုက်အိမ်

အလုပ်ခန်းနဲ့အတူ လူပါနေထိုင်နိုင်တဲ့ ရုံးခန်းအသေးစား တစ်ခုဖွင့်လှစ်ဖို့ နေရာကောင်းတစ်ခုကို ရှာဖွေနေရင်၊ ဒါမှမဟုတ် လမ်းပန်းဆက်သွယ်ရေးလွယ်ကူပြီး အချက် အချာလည်းကျပြီး တိတ်ဆိတ်ငြိမ်သက်တဲ့ ပတ်ဝန်းကျင် မှာပဲ နေထိုင်ဖို့ လုံးချင်းအိမ်လေးတစ်လုံးလောက်ရှာဖွေနေရင် ဒီအိမ်လေးကို သွားရောက်ကြည့်ရှုဖို့ တိုက်တွန်း ချင်ပါတယ်။ ဒီအိမ်လေးကတော့ မရမ်းကုန်မြို့နယ်၊ ပါရမီလမ်း၊ချော်တွင်းကုန်းမှတ်တိုင်အနီးက ဇီဇဝါလမ်းသွယ်လေး ထဲမှာ တည်ရှိပါတယ်။ လမ်းသွယ်ဆိုပေမဲ့ လမ်းအရမ်း မရှည်ဘဲ လုံးချင်းအိမ်တွေပဲ သီးသန့်တည်ရှိတာကြောင့် တိတ်ဆိတ်ငြိမ်သက်မှု မရှိမှာကိုတော့ စိတ်ပူစရာမလို ပါဘူး။ ခြံထဲကိုစတင်ဝင်ရောက်ဖို့ ခြံတံခါးကို အားကုန်သုံးပြီးတွန်းဖွင့်စရာမလိုဘဲ ရီမုတ်ကွန်ထရိုးတစ်ချက်နှိပ်ရုံနဲ့ အလွယ်တကူ ဖွင့်နိုင်တာကြောင့် မိုးရွာတဲ့အချိန် ကားပေါ်က တကူးတကဆင်းပြီး ခြံတံခါးကိုဖွင့်ဖို့ စိုးရိမ်စရာမလိုတော့ပါဘူး။ အိမ်ထဲဝင်ဝင်ချင်း လှပတဲ့စားပွဲ၊ ဆိုဖာထိုင်ခုံတွေနဲ့ အလှဆင်ထားတဲ့ ဧည့်ခန်းကို တွေ့ရမှာဖြစ်ပြီး ဘယ်ဘက်ခြမ်းမှာရှိတဲ့ ထမင်းစားခန်းမှာတော့ နံရံအပြည့်နီးပါးကပ်ထားတဲ့ မှန်ကြီးတစ်ချပ်ကို တွေ့ရမှာဖြစ်ပါတယ်။ ဧည့်ခန်းနဲ့ ထမင်းစားခန်းကို တံခါးတစ်ချပ်ခြားထား ပေမဲ့ အိမ်အပြင်ကနေ ဧည့်ခန်းကို တိုက်ရိုက်ဝင်ရောက်နိုင်တဲ့ တံခါးတစ်ပေါက်အပြင် ထမင်းစားခန်းထဲကို တိုက်ရိုက်ဝင်ရောက်နိုင်တဲ့ တံခါးတစ်ပေါက်ပါ ထည့် သွင်းတည်ဆောက်ထားတဲ့အတွက် တံခါးတွေအားလုံးကို ဖွင့်ထားမယ်ဆိုရင် အလင်းရောင်ကောင်းကောင်း ဝင်ရောက်နိုင်တဲ့ အိမ်တစ်အိမ်ဖြစ်ပါတယ်။ ဒီအိမ်လေးရဲ့ နောက်ထပ်ဆွဲဆောင်နိုင်တဲ့ အချက်တစ်ခုကတော့ အိမ်ပတ်လည်မှာ ဝရန်တာလေးတွေထည့်သွင်းတည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ မီးဖိုခန်း၊ ရေချိုးခန်းနဲ့ အိမ်သာတို့ကို ထမင်းစားခန်းရဲ့ နောက်ဘက်မှာ ဖွဲ့စည်းထားပြီး အဲဒါတွေနဲ့ ကပ်လျက်မှာMaster Bedroom တစ်ခန်းပါရှိပါတယ်။ မီးဆိုင်းတွေနဲ့ အလှဆင်ထားတဲ့ လှေကားကနေ အပေါ်ထပ်ကို တက်သွားမယ်ဆိုရင်တော့ ပထမဦးဆုံးဧည့်ခန်းအသေးစားလေးတစ်ခုကို တွေ့မြင်ရမှာဖြစ်ပါ တယ်။ ဧည့်ခန်းရဲ့နောက်မှာတော့ အခန်းငယ်တစ်ခန်း ဖွဲ့စည်းထားပြီး စာကြည့်ခန်း၊ ရုံးခန်း စသဖြင့် မိမိကြိုက်နှစ်သက်သလို အသုံးပြုလို့ရနိုင်တဲ့ ၁၀ ပေပတ်လည်ခန့် ရှိတဲ့ အခန်းလေးတစ်ခန်းကိုလည်း ဖွဲ့စည်းထားပါတယ်။ အပေါ်ထပ်မှာတော့ လှေကားရဲ့ တစ်ဖက်တစ်ချက် စီမှာMaster Bedroomသာ နှစ်ခန်း တည်ရှိနေပါတယ်။ လှေကားရဲ့ညာဘက် အိပ်ခန်းကျယ်ထဲမှာတော့ ကိုယ်ပိုင်စာကြည့်စားပွဲထားရှိနိုင်တဲ့နေရာ ပါဝင်တဲ့အပြင်Bathtub ပါတဲ့ ရေချိုးခန်းကျယ်တို့ပါ ပါဝင်ပါတယ်။ လှေကားရဲ့ဘယ်ဘက် အိပ်ခန်းကျယ်ထဲက ရေချိုးခန်းမှာတော့Bathtubမပါပေမဲ့ အဝတ်ဗီရိုတွေ၊ ဖိနပ်စင်တွေ သီးသန့်ထားရှိနိုင်တဲ့ အခန်းငယ်လေး တစ်ခန်းပါဝင်နေပါတယ်။ ဒီအိမ်လေးမှာရှိတဲ့ အခန်းတိုင်းမှာမတူညီတဲ့ ထူးခြားမှုတွေရှိနေပြီး အိမ်ရဲ့အနေအထားဟာ မကျယ်လွန်း၊ မကျဉ်းလွန်းတဲ့အတွက် မိသားစုတွေနေထိုင်မယ်ဆိုရင်လည်း သင့်တော်လှတဲ့ အိမ်လေးတစ်အိမ်ပဲဖြစ်ပါတယ်။ အိမ်အတွင်းကို အလှဆင်ထားသလိုပဲ ခြံထဲကိုပါ အစိမ်းရောင်အပင်တွေနဲ့ မျက်စိပသာဒဖြစ်အောင် အလှဆင်ထားတာကိုလည်း တွေ့ရပါတယ်။ ပေ ၆၀ ပတ်လည်ကျယ်ဝန်းတဲ့ ခြံဝင်းလေးထဲက ပေ ၄၀ ခန့် ကျယ်ဝန်းတဲ့ နှစ်ထပ်အိမ်လေးဟာ ထူးခြားတဲ့ အိမ်ဝင်ပေါက်နှစ်ခုနဲ့ အလှမီးဆိုင်းတွေကြောင့် နေ့ဘက်သာ မက ညဘက်မှာပါ လှပနေပါတယ်။ ဒီအိမ်လေးကို နှစ်သက်လို့ ငှားရမ်းချင်တယ်ဆိုရင်တော့ တစ်လကို ငွေကျပ် သိန်း ၄၀ ကျသင့်မှာဖြစ်ပြီး ဈေးနှုန်းကို အိမ်ရှင်နဲ့ ထပ်မံညှိနှိုင်းလို့ ရပါသေးတယ်။ ရုံးခန်းပုံစံမဟုတ်ဘဲ အိမ်ပုံစံသက်သက် နေထိုင်မယ့်သူတွေအတွက် ပရိဘောဂအပြည့်အစုံထားရှိပေးသွား မှာဖြစ်ပြီး ၂၄ နာရီ မီးမပြတ်စေရအောင် မီးစက်ကြီး တစ်လုံးကိုလည်း ထားရှိပေးထားပါတယ်။ ဧည့်ခန်း နှစ်ခန်း၊Master Bedroom သုံးခန်း၊Single room တစ်ခန်းနဲ့ ထမင်းစားခန်း၊ မီးဖိုခန်း စတာတွေပါရှိတဲ့ ဒီအိမ်မှာ အခန်းပြည့် အဲကွန်းခုနစ်လုံးကိုလည်း တပ်ဆင်ပေးထားပါတယ်။ အိမ်တည်ရှိရာ မရမ်းကုန်းမြို့နယ်ဟာ အချက်အချာ ကျတဲ့ မြို့နယ်တစ်ခုဖြစ်တဲ့အပြင် ကျန်းမာရေးအတွက် ဆေးရုံဆေးခန်း၊ ရှော့ပင်းစင်တာ၊ ဘုရားစေတီ၊ ဘုန်းကြီးကျောင်း စတာတွေ အစုံအလင်ရှိနေတဲ့နေရာဖြစ်တဲ့ အတွက် နေထိုင်သူတွေ အိမ်ငှားလိုသူတွေ စိတ်ဝင်စားမှုများတဲ့နေရာတစ်ခုဖြစ်ပါတယ်။ ဒါ့ပြင် စီးပွားရေးဆိုင်ရာအဆောက်အအုံတွေလည်း အများအပြား တည်ရှိတာကြောင့် ရုံးခန်း ဒါမှမဟုတ် စီးပွားရေးလုပ်ငန်းတစ်ခုခု လုပ်ကိုင်လိုသူတွေအတွက်လည်း နေရာကောင်းတစ်ခုဖြစ်ပါတယ်။ အစိုးရက ချမှတ်ထားတဲ့ တစ်စတုရန်းပေ သတ်မှတ် တန်ဖိုးတွေအရ တိုက်ခန်းတည်ရှိရာ ကမ္ဘာအေးဘုရားလမ်းမှာ ၂၀၁၈ ခုနှစ်က တစ်စတုန်းပေ သတ်မှတ်တန်ဖိုး မှာ ငွေကျပ် ၄ဝဝဝဝဝ ရှိခဲ့ပြီး ယခုနှစ်မှာလည်း ယခင်တန်ဖိုးအတိုင်းပဲ မပြောင်းမလဲ တည်ရှိနေပါတယ်။ မရမ်းကုန်းမြို့နယ်တစ်ခုလုံးအတွက် သတ်မှတ်ပေး ထားတဲ့ တစ်စတုရန်းပေအပေါ် မြေတန်ဖိုးတွေအရ ၂၀၁၈ ခုနှစ်အတွင်းက အနည်းဆုံး ငွေကျပ် တစ်သိန်း ကနေ အများဆုံး ငွေကျပ် လေးသိန်းထိရှိခဲ့ပြီး အသစ် ပြင်ဆင်မယ့်နှုန်းထားအရ အနည်းဆုံး ငွေကျပ် ကိုးသောင်းကနေ အများဆုံး ငွေကျပ် လေးသိန်းထိရှိနေဆဲဖြစ်ပါတယ်။ မရမ်းကုန်းမြို့နယ်ဟာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့ အနီးဆုံးတည်ရှိနေတဲ့ မြို့နယ်တစ်ခုလည်းဖြစ်တဲ့အပြင် လေဆိပ်ကို တိုက်ရိုက်သွားရောက်နိုင်တဲ့ ဘတ်စ်ကားတွေကိုလည်း ဈေးသက်သာစွာနဲ့ စီးနင်းနိုင်ပါတယ်။ ရန်ကုန်မြို့ထဲနဲ့တော့ အနည်းငယ်အလှမ်းဝေး သွားတာကြောင့် ကားနဲ့သွားမယ်ဆိုရင် မိနစ် ၃၀ ကနေ မိနစ် ၄၅ မိနစ်ခန့်အထိ ကြာမြင့်နိုင်ပါတယ်။ ကားပိတ်လေ့ရှိတဲ့ နံနက်ပိုင်းနဲ့ ညနေပိုင်း ရုံးဆင်းချိန်တွေမှာတော့ မြို့ထဲကိုရောက်ရှိဖို့ ပျမ်းမျှ တစ်နာရီကျော်ခန့် အချိန်ယူရပါလိမ့်မယ်။ Source : MMTimes

Facebook comments