(+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

စီးပွားရေးလုပ်ငန်းများအပေါ် သက်ရောက်လာသည့် သဘာဝဘေး

မြန်မာနိုင်ငံသည် သဘာဝဘေးကြိုတင်ပြင်ဆင်ခြင်းနှင့်ပတ်သက်ပြီး အာရှဒေသ သဘာဝဘေးဆိုင်ရာကြိုတင်ပြင်ဆင်ရေးဌာန (Asian Preparedness Partnership- APP)ကို အိမ်ရှင်နိုင်ငံအဖြစ် နိုဝင်ဘာလတွင် ကျင်းပရန် စီစဉ်ထားသည်။

နိုင်ငံ၏တိုးတက်မှုကို သက်ရောက်စေသည့် အကြောင်းအရာများတွင် သဘာဝဘေး အန္တရာယ်သည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် သဘာဝဘေးအန္တရာယ်ကြောင့် အသက် အိုးအိမ်ပျက်စီးဆုံးရှုံးမှုများကို နှစ်စဉ်ကြုံတွေ့နေရသည်သာမက စီးပွားရေးလုပ်ငန်းများ အပေါ်လည်း သက်ရောက်မှုများစွာရှိနေသည်။

သို့သော် ပုဂ္ဂလိကကဏ္ဍ စီးပွားရေးလုပ်ငန်းများတွင် သဘာဝဘေး ကြိုတင်ကာကွယ်မှုများမှာမူ အားနည်းနေသေးကြောင်း မြန်မာပုဂ္ဂလိကကဏ္ဍ ဘေးအန္တရာယ်စီမံခန့်ခွဲမှုကွန်ရက်(MPP)မှ တွဲဘက်ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောသည်။

သဘာဝဘေးအတွက် ကြိုတင်ပြင်ဆင်သည့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများနှင့် အဖွဲ့အစည်း အရေအတွက်မှာနိုင်ငံတစ်ဝန်းရှိ လုပ်ငန်းစုစုပေါင်း၏ ၁၈ ရာခိုင်နှုန်းခန့်သာရှိနေသည်။

"စစ်တမ်းကောက်ကြည့်တဲ့အခါမှာ ၈၂ ရာခိုင်နှုန်းက ကြိုတင်ပြင်ဆင်ထားတာမရှိဘူး။ တကယ်လို့ သဘာဝဘေးတွေဖြစ်ပွားခဲ့မယ်ဆိုရင် ပုဂ္ဂလိကကဏ္ဍတွေနဲ့စီးပွားရေးလုပ်ငန်းတွေ အားလုံးပြိုလဲသွားနိုင်တယ်"ဟု ဒေါက်တာစိုးထွန်းက ပြောသည်။

သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးမှုများကိုလေ့လာရာတွင် ၂၀၁၅ ခုနှစ်က နိုင်ငံတစ်ဝန်းတွင် ဆိုးရွားသည့်ရေဘေးကြုံတွေ့ခဲ့ရခြင်းကြောင့် လမ်း၊ တံတား၊ လူနေအိမ်များ ပျက်စီးခဲ့ပြီး ရာနှင့်ချီသော လူသေဆုံးမှုများလည်းရှိခဲ့သည်။ တစ်နိုင်ငံလုံး လယ်မြေဟက်တာပေါင်း နှစ်သန်းကျော် ပျက်စီးခဲ့ပြီး စီးပွားရေးအရဆုံးရှုံးမှု တန်ဖိုး ကျပ် ၁ ဒသမ ၉၄၂ ထရီလျံ (အမေရိကန် ဒေါ်လာ ၁ ဒသမ ၅၁ ဘီလျံ) ရှိခဲ့သည်။ ၎င်းဆုံးရှုံးမှုသည် မြန်မာနိုင်ငံ ဂျီဒီပီ၏ ၃ ဒသမ ၁ ရာခိုင်နှုန်းနှင့် ညီမျှကြောင်း ကမ္ဘာဘဏ်ကတွက်ချက်ထားသည်။ နှစ်စဉ်လည်း သဘာဝဘေးများကို ကြုံတွေ့နေခဲ့ရသည်။

ယခုနှစ်တွင်လည်း နိုင်ငံတစ်ဝန်းတွင်ရေဘေးကြုံတွေ့ခဲ့ရပြီး လူဦးရေနှစ်သိန်းကျော်ခန့် ရေဘေးသင့်ခဲ့သည်။ သဘာဝဘေးကြောင့် သေဆုံးသူဦးရေ ၉၀ ကျော်ရှိခဲ့ပြီး ၎င်းအနက် ၇၃ ဦးမှာ မြေပြိုမှု အန္တရာယ်ကြောင့် အသက်ဆုံးရှုံးခဲ့ရသည်။ မြန်မာနိုင်ငံ၏ ကွဲပြားသည့် မြေမျက်နှာသွင်ပြင်အနေအထားနှင့် ကျရောက်လာသည့် သဘာဝ ဘေးအန္တရာယ် မတူညီခြင်းတို့ကြောင့် စီးပွားရေးလုပ်ငန်းရှင်များသည် ၎င်းတို့ဒေသနှင့် ကိုက်ညီမည့် ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်ထားသင့်သည်ဟု ဒေါက်တာစိုးထွန်းကပြောသည်။

"ကဏ္ဍတိုင်းက ကြိုတင်ပြင်ဆင်သင့်တယ်။ ဒါပေမဲ့ ဒီအပိုင်းက စိတ်ဝင်စားမှု နည်းနေဆဲဖြစ် တယ်"ဟု ၎င်းကပြောသည်။

ရန်ကုန်မြို့တွင် ၁၉၇၀ ပြည့်နှစ်ဝန်းကျင်ကစ၍ ၂၀ဝ၀ ပြည့်နှစ်ခန့်ထိ တည်ဆောက်ခဲ့သော ကန်ထရိုက် တိုက်အများစုမှာ ကြံ့ခိုင်မှုအားနည်းကာအန္တရာယ်များသည့် အဆောက်အုံများဖြစ်ပြီး ၎င်းကဲ့သို့ အဆောက်အအုံများ ရန်ကုန်မြို့တွင် ၂၀ ရာခိုင်နှုန်းခန့် ရှိနေသည်ဟု မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် ဗဟိုကော်မတီဝင် ဦးကျော်ကျော်စိုးက ပြောသည်။

ရန်ကုန်မြို့ရှိ အဆောက်အအုံများကို ကွန်ဒို၊ လုံးချင်းနှင့် ရိုးရိုးကန်ထရိုက်တိုက်ဟူ၍ အကြမ်းဖျင်းခွဲခြားနိုင်ပြီးရိုးရိုးကန်ထရိုက်တိုက်များမှာ ပြင်းအားအသင့်အတင့်ရှိ ငလျင်လှုပ်ခတ်ပါက အန္တရာယ်ရှိ အနေအထားတွင်ရှိနေကြောင်းလည်း ၎င်းက ပြောသည်။

ရန်ကုန်မြို့၏ အထပ်မြင့်တိုက်များတွင် နေထိုင်သူများသည် ငလျင်လှုပ်သည့်အချိန်တွင်သာ တိုက်ခန်းများ၏ ကြံ့ခိုင်မှု အားနည်းချက်ကြောင့်ပြိုကျမည်ကိုစိုးရိမ်သော်လည်း ငလျင်ပြီးသွားပြီးနောက်တွင် အာရုံစိုက်မှု သိပ်မရှိကြတော့ချေ။

အနာဂတ်တွင် သဘာဝဘေးဖြစ်ပွားမှုကြိမ်ရေ ပိုမိုတိုးလာနိုင်ပြီး ဆုံးရှုံးမှုတန်ဖိုးကလည်း မြင့်မားလာနိုင်ကြောင်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနကလည်း ခန့်မှန်း တွက်ချက်ထားသည်။

"တိုင်းပြည်ရဲ့ စီးပွားရေးမကောင်းတာက နိုင်ငံရေးသက်သက်ပဲမဟုတ်ဘူး။ နိုင်ငံ့စီးပွားရေး ကြံ့ကြံ့ခံနိုင်ဖို့အတွက် တခြားအကြောင်းအရာတွေကိုလည်း လေ့လာရမယ်။ ဒီစီးပွားရေးတွေ သဘာဝဘေးတွေကြောင့် ဗုန်းဗုန်းလဲမသွားဖို့အတွက် ကြိုတင်ပြင်ဆင်မှုလုပ်ဖို့လိုတယ်"ဟု အာရှဒေသ သဘာဝဘေးဆိုင်ရာကြိုတင်ပြင်ဆင်ရေးဌာန (ADPC)မှ ဦးမြတ်သာက ပြောသည်။

သဘာဝဘေးကြိုတင်ပြင်ဆင်မှု မရှိခြင်းကြောင့် စီးပွားရေးလုပ်ငန်းများ ပြိုလဲသည့်အခါတွင်လုပ်ငန်းရှင်တွင် ဆုံးရှုံးမှုအပြင် လုပ်ငန်းအပေါ်မှီခိုနေရသူများအတွက်လည်း အလုပ်လက်မဲ့ဖြစ်သွားနိုင်ပြီး ၎င်းလုပ်ငန်းသည်လည်း ပြန်လည်ရပ်တည်နိုင်ရန် ခက်ခဲနိုင်ခြင်းကြောင့် သဘာဝဘေးသည် အစိုးရ တစ်ခုတည်းနှင့်သာ သက်ဆိုင်ပြီး တာဝန်ရှိသည်ဟု ယူဆ၍မရကြောင်း ဒေါက်တာစိုးထွန်းက ပြောသည်။

အဆိုပါ သဘာဝဘေးအတွက် ကြိုတင်ပြင်ဆင်ရာတွင် စီးပွားရေးလုပ်ငန်းများ၏ အခြေခံအဆောက်အအုံများ (Infrastructure) ဘေးဒဏ်ခံနိုင်အောင်ဆောင်ရွက်ထားရန် မှာလည်း အရေးပါကြောင်း ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများဆောင်ရွက်နေသည့် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

" ဂိုဒေါင်မှာရှိတဲ့ ပဲတွေက ရေမစိုဘူးဆိုတာကို သိရင်ပိုက်ဆံမရှိလို့ ဂိုဒေါင်မဆောက်ဘူးဆိုတာ မဖြစ်သင့်ဘူး။ကုန်စည်စီးဆင်းမှုကလည်း ဒါတွေကို မဆောက်နိုင်ခဲ့လို့ရှိရင် နှစ်စဉ်နှစ်စဉ် ဒေါ်လာသန်းပေါင်းများစွာ ပျက်စီးနိုင်တယ်။ လိုအပ်တဲ့အဆောက်အအုံတွေကို ဆောက်လိုက်ရင် နောက်နောင်မှာ ဒီလို ဆုံးရှုံးမှုတွေမဖြစ်တော့ဘူးဆိုတဲ့ အသိကိုရစေချင်ပါတယ်"ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံက ရာသီဥတုပြောင်းလဲမှုနှင့် ဆက်စပ်ပြီး မိုးခေါင်ခြင်း၊ ဆိုင်ကလုန်းမုန်တိုင်းဝင် ရောက်ခြင်း၊ အပူချိန်လွန်ကဲခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊ မြေပြိုခြင်း၊ ရေကြီးရေလျှံဖြစ်ပေါ်ခြင်းနှင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်ခြင်းတို့ကို နှစ်စဉ်နှစ်တိုင်းကြုံတွေ့နေရသည်။

မြန်မာနိုင်ငံအဖွဲ့ဝင်အဖြစ်ပါဝင်သည့် APP ကို တောင်အာရှနှင့် အရှေ့တောင် အာရှဒေသများရှိ သဘာဝဘေးကျရောက်မှု အများဆုံးဖြစ်သည့်နိုင်ငံများ သဘာဝဘေးအန္တရာယ်နှင့် ရင်ဆိုင်ရပါက ထိရောက်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းထားခြင်းသည်။

APP ၏လုပ်ငန်းများကို ဒေသအဆင့်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်နိုင်ရန် အစိုးရ၊ ပုဂ္ဂလိက ကဏ္ဍနှင့်လူမှုရေးအဖွဲ့အစည်းများပါဝင်သည့် (Myanmar Preparedness Partnership- MPP) ကိုလည်း ၂၀၁၇ ခုနှစ်တွင် စတင်ဖွဲ့စည်းထားပြီးဖြစ်သည်။

Source : Myanmar Time
#realestate #property #reny #apartment #condo #flat #house #villa #residence #office #commercial #residential #realtor #agency #agent #tenant #leasing #yangon #myanmar #estate #estatemyanmar #estatemyanmarnews1octoper

Facebook comments