(+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

ချင်းပြည်နယ်ရှိ မြို့ရှစ်မြို့တွင် ဝန်ထမ်းအိမ်ရာ ကိုးလုံးဆောက်လုပ်ရန် တင်ဒါခေါ်

ချင်းပြည်နယ်ရှိ မြို့ ရှစ်မြို့တွင် ၂ဝ၁၉-၂ဝ ဘဏ္ဍာရေးနှစ်အတွင်း ဝန်ထမ်းအိမ်ရာ ကိုးလုံးဆောက်လုပ်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၊ ချင်းပြည်နယ် ညွှန်ကြားရေးမှူးရုံးက အိတ်ဖွင့်တင်ဒါ ခေါ်ယူထားသည်။

ဝန်ထမ်းအိမ်ရာများကို ပြည်နယ်အစိုးရ၏ ဘတ်ဂျက်ဖြင့် ဆောက်လုပ်မည်ဖြစ်ပြီး လက်ရှိတွင် လျှောက်လွှာပေါင်း ၄ဝ ကျော် လက်ခံရရှိထားပြီးဖြစ်သည်။ အိတ်ဖွင့်တင်ဒါကို အောက်တိုဘာ ၇ ရက်၌ စတင်ရောင်းချခဲ့ပြီး နိုဝင်ဘာ ၁၅ ရက်တွင် နောက်ဆုံးတင်သွင်းရမည်ဖြစ်ကြောင်း ချင်းပြည်နယ်မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ရှိသူ ဦးတယ်ခူးက ပြောသည်။

''အိမ်ပိုင်မရှိသေးတဲ့ ဝန်ထမ်းတွေ၊ တခြားနယ်က ပြောင်းလာပြီး နေထိုင်ရေး အခက်အခဲရှိတဲ့ ဝန်ထမ်းတွေအတွက် နေရာချထားပေးဖို့ အဓိကရည်ရွယ်ပြီး ဆောက်မှာဖြစ်ပါတယ်။ ဘယ်ဌာနဝန်ထမ်းရယ်လို့ ကန့်သတ်ထားတာ မရှိပါဘူး။ ဘယ်ဝန်ထမ်းမဆို လျှောက်လို့ရပါတယ်''ဟု ဦးတယ်ခူးက ဆိုသည်။

ဝန်ထမ်းအိမ်ရာများကို အငှားချထားပေးရာတွင် ၂ဝ၁၄-၁၅ ခုနှစ်က သတ်မှတ်ပေးထားခဲ့သည့် လစာဟောင်းအမှုထမ်းဆိုလျှင် သုံးရာခိုင်နှုန်း၊ အရာထမ်းဆိုလျှင် ငါးရာခိုင်နှုန်း လစဉ်ပေးဆောင်ရမည်ဟု သတ်မှတ်ထားသည်။

''လစာနှုန်းသစ်နဲ့ ကောက်ခံဖို့ကိစ္စကို ပြည်ထောင်စုဝန်ကြီးဌာနကို တင်ထားတုန်းပဲရှိသေးတယ်။ ဘယ်လိုပြန်ညွှန်ကြားမလဲတော့ မသိသေးဘူး''ဟုလည်း ဝန်ထမ်းအိမ်ရာအငှားစျေးနှုန်းထားများနှင့် ပတ်သက်၍ ဦးတယ်ခူးက ရှင်းပြသည်။

ချင်းပြည်နယ်ရှိ ဝန်ထမ်းအိမ်ရာ ဆောက်လုပ်မည့်မြို့များမှာ ဟာခါး၊ ဖလမ်း၊ မင်းတပ်၊ မတူပီ၊ တီးတိန်၊ ထန်တလန်၊ ကန်ပက်လက်မြို့နှင့် လိုင်လင်းပီမြို့တို့ ဖြစ်သည်။

အဆိုပါမြို့များအနက် ဟားခါးမြို့တွင် နှစ်ခန်းတွဲ သုံးထပ် ဝန်ထမ်းအိမ်ရာတစ်လုံး၊ တီးတိန်မြို့တွင် လေးခန်းတွဲနှစ်ထပ် ဝန်ထမ်းအိမ်ရာနှစ်လုံးနှင့် ကျန်မြို့နယ်များတွင် လေးခန်းတွဲနှစ်ထပ် ဝန်ထမ်းအိမ်ရာတစ်လုံးစီ တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

တင်ဒါတင်သွင်းလိုသော ကုမ္ပဏီများသည် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သတ်မှတ်ထားသော လုပ်ငန်းစံနှုန်း၊ ဒီဇိုင်းပုံစံများနှင့်အညီ အသေးစိတ် ရေးဆွဲတွက်ချက် တင်ပြရမည်ဖြစ်ပြီး ကုမ္ပဏီမှတ်ပုံတင်မိတ္တူ၊ ကုမ္ပဏီမှတ်တမ်းတို့ကိုပါ ပူးတွဲတင်ပြရမည်ဖြစ်သည်။

တင်ဒါလုပ်ငန်း တစ်ခုထက်ပို၍ တင်သွင်းလိုသူများသည် သက်ဆိုင်ရာလုပ်ငန်းတစ်ခုချင်းအတွက် တင်ဒါအာမခံကြေး ပေးသွင်းပြီးမှသာ တင်ဒါပုံစံ တစ်ခုချင်းကို သီးသန့်စီ တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။

ယခုခေါ်ဆိုသော တင်ဒါလုပ်ငန်းသည် ချင်းပြည်နယ်၏ ၂ဝ၁၉-၂ဝ ဘဏ္ဍာနှစ်အတွက် နောက်ဆုံးခေါ်ဆိုသော တင်ဒါဖြစ်ကာ နောက်နှစ် ဘတ်ဂျက်အတွက်လျာထားသည့် လုပ်ငန်းစီမံကိန်းများစွာရှိနေပြီး ဘတ်ဂျက်ရရှိမှုအပေါ်မူတည်ကာ လုပ်ငန်းဆောင်ရွက်မည်ဖြစ်ကြောင်း ဦးတယ်ခူးက ဆိုသည်။

Source : Myanmar Time
#realestate #property #reny #apartment #condo #flat #house #villa #residence #office #commercial #residential #realtor #agency #agent #tenant #leasing #yangon #myanmar #estate #estatemyanmar #estatemyanmarnews1octoper

Facebook comments