(+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

စိန်ပေါလ်ကျောင်းကို မြို့ပြအမွေအနှစ် အဆောက်အအုံအဖြစ် အသိအမှတ် ကမ္ပည်းပြားတပ်ဆင်

ရန်ကုန်မြို့၊ အနော်ရထာလမ်းနှင့် သိမ်ဖြူလမ်းထောင့်ရှိ နှစ်ပေါင်း ၁ဝဝ ကျော်သက်တမ်းရှိ 

အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း(ယခင်စိန်ပေါလ်ကျောင်း)ကို ၁၇ ခုမြောက် 

ရန်ကုန်မြို့ပြအမွေအနှစ် အဆောက်အအုံ အသိအမှတ်ပြု အပြာရောင်ကမ္ပည်းပြားကို လွန်ခဲ့သော 

ရက်သတ္တပတ်က တပ်ဆင်ခဲ့သည်။


ရန်ကုန်မြို့ပြအမွေအနှစ် အဆောက်အအုံများကို အပြာရောင်ကမ္ပည်းပြားများ တပ်ဆင်ပေးသော 

ရန်ကုန်မြို့ပြ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ တည်ထောင်သူနှင့် ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာသန့်မြင့်ဦးက

''ရန်ကုန်မြို့မှာ စာသင်ကြားမှု၊ သင်ယူမှုဆိုင်ရာ ဂုဏ်ယူဖွယ်သမိုင်းကြောင်းတွေ ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံမှာသာမက ကမ္ဘာမှာပါ ထင်ရှားတဲ့ နိုင်ငံရေးသမားတွေ၊ ပညာတော်သင်တွေကို

ရန်ကုန်မြို့က မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ စိန်ပေါလ်ကျောင်းကလည်း ကျောင်း စတည်ထောင်

စဉ်ကတည်းက ထိပ်တန်းကျောင်းတွေထဲက တစ်ခုအနေနဲ့ ရပ်တည်နိုင်ခဲ့ပါတယ်''ဟု ပြောသည်။


ယခင်က စိန်ပေါလ်အထက်တန်းကျောင်းဟု လူသိများခဲ့သော အဆိုပါကျောင်းသည် ၁၉ ရာစုခန့်က 

ကျော်ကြားခဲ့သော သာသနာပြုကျောင်းများကို ကိုယ်စားပြုသည့် အထင်ကရ ဥပမာတစ်ခုဖြစ်ခဲ့ပြီး 

ထိုကျောင်းသည် မြန်မာနိုင်ငံရှိ အကြီးမားဆုံး ရိုမန်ကက်သလစ်ဘုရားရှိခိုးကျောင်းဖြစ်သော 

စိန်မေရီဘုရားကျောင်းဝင်း၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ခဲ့သည်။


စိန်ပေါလ်အထက်တန်းကျောင်းကို မြန်မာနိုင်ငံတွင် ၁၈၅၆ ခုနှစ်မှ ၁၈၉၄ ခုနှစ်အထိ 

ပညာရေးနှင့် ခရစ်ယာန်သာသနာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခဲ့သည့် ဘုန်းတော်ကြီး 

ပေါလ်ဘီဂန်းဒက်က ကာလကတ္တားမှ ဒီလာဆာညီအစ်ကိုများ၏ အကူအညီဖြင့် တည်ထောင်ခဲ့သည်။ 

ဒီလာဆာညီအစ်ကိုများသည် ၁၈၉ဝ ပြည့်နှစ် ဧပြီလတွင် မော်လမြိုင်မြို့ စိန်ပက်ထရစ်ကျောင်းကို 

ဖွင့်လှစ်ခဲ့ပြီးနောက် ရန်ကုန်မြို့သို့ ရောက်ရှိလာကာ စိန်ပေါလ် ယောကျ်ားလေးကျောင်းကို 

ဘုန်းတော်ကြီး၏ နေအိမ်အနီး မဟာဗန္ဓုလပန်းခြံလမ်း (ယခင်ဘားလမ်း)တွင် သစ်သား

ကျောင်းဆောင်ငယ်အဖြစ် စတင်တည်ဆောက်ခဲ့သည်။


ကျောင်းသားများ တိုးများလာကာ ၁၈၈၆ခုနှစ်တွင် လက်ရှိနေရာသို့ ပြောင်းရွှေ့ခဲ့ပြီး ၁၉ဝဝ 

နှင့် ၁၉ဝ၈ ခုနှစ်အကြားတွင် ထိုခေတ်က နာမည်ကျော်ဗိသုကာပညာရှင် Thomas Swales 

ဒီဇိုင်းရေးဆွဲပေးသော တိုးချဲ့ဆောင်နှစ်ဆောင်ကို တည်ဆောက်ခဲ့ပြီး ၁၉၃ဝ ပြည့်နှစ် 

နောက်ပိုင်းတွင် စာသင်ဆောင်နှင့် ထမင်းစားဆောင်တို့ကို ထပ်မံတိုးချဲ့ တည်ဆောက်ခဲ့သည်။


အဆိုပါ စိန်ပေါလ်အထက်တန်းကျောင်းကို ၁၉၆၅ ခုနှစ်တွင် ဆိုရှယ်လစ်အစိုးရက 

အခြားသော သာသနာပြုကျောင်းများနှင့်အတူ ပြည်သူပိုင် သိမ်းယူခဲ့ပြီး ကျောင်းအုပ်ချုပ်ရေးတွင် 

မြန်မာအစိုးရဝန်ထမ်းဆရာများဖြင့် အစားထိုးခဲ့ကာ ကျောင်းကိုလည်း အခြေခံပညာအထက်

တန်းကျောင်း အမှတ် (၆) ဗိုလ်တထောင်အဖြစ် အမည်ပြောင်းလဲခဲ့သည်။


အပြာရောင် ကမ္ပည်းပြားတပ်ဆင်ခြင်းသည် ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး

အဖွဲ့က ဆောင်ရွက်နေသော စီမံချက်များ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ရန်ကုန်မြို့ပြသမိုင်း

ကြောင်းများတွင် အရေးပါခဲ့သော အဆောက်အအုံများနှင့် လူပုဂ္ဂိုလ်များကို အထိမ်းအမှတ်ပြုရန်

ရည်ရွယ်ကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

အပြာရောင် ကမ္ပည်းပြား တပ်ဆင်ပြီးသော အဆောက်အအုံများကို အများပိုင် အဆောက်အအုံများ

အဖြစ် အသိအမှတ်ပြုကာ ထိုအဆောက်အအုံများကို အသက်အရွယ်မရွေး နယ်ပယ်စုံမှ ပြည်သူများနှင့်

ခရီးသွားများက လေ့လာနိုင်မည်ဖြစ်သည်။


စိန်ပေါလ်ကျောင်းကို ၁၇ ခုမြောက် ရန်ကုန်မြို့ပြအမွေအနှစ် အဆောက်အအုံအဖြစ် မတ် ၂ ရက်က 

အသိအမှတ်ပြု ကမ္ပည်းပြားတပ်ဆင်ခြင်းဖြစ်ပြီး ရန်ကုန်မြို့တော်ခန်းမ၊ ဧရာဝတီဘဏ်ရုံးချုပ်၊ 

အာမေးနီးယန်း ခရစ်ယာန်ဘုရားကျောင်း၊ ဗဟိုမီးသတ်ရုံး၊ ရန်ကုန်စာတိုက်ကြီး၊ မြန်မာ့လယ်ယာ

ဖွံ့ဖြိုးရေးဘဏ်၊ ဗဟိုပုံနှိပ်စက်၊ မဟာဗန္ဓုလပန်းခြံ၊ လောကနတ်အဆောက်အအုံ၊ အိန္ဒိယသံရုံးနှင့်

ဗိုလ်ချုပ်ဆောင်ဆန်းစျေးများကိုလည်း မြို့ပြအမွေအနှစ်အဆောက်အအုံအဖြစ် အထိမ်းအမှတ်

ကမ္ပည်းပြားများ တပ်ဆင်ခဲ့ပြီးဖြစ်သည်။


သမိုင်းဝင် အဆောက်အအုံများကို ရှာဖွေဖော်ထုတ်ကာ ကမ္ပည်းပြားများ တပ်ဆင်ခြင်း အစီအစဉ်ကို 

အကောင်အထည်ဖော်နိုင်ရန် ရန်ကုန်မြို့အနှံ့ရှိ သမိုင်းဝင်အဆောက်အအုံများကို လေ့လာခြင်း၊ 

ကမ္ပည်းပြားများကို ထုတ်လုပ်ခြင်းနှင့် တပ်ဆင်ခြင်းများအတွက် Royal Phillips Corporation

က အမေရိကန်ဒေါ်လာ ၇၅,ဝဝဝ ကို ထောက်ပ့ံပေးအပ်မည်ဖြစ်သည်။


Source : Myanmar Time

Facebook comments