မြန်မာနိုင်ငံ၏ ပထမဦးဆုံး ငွေကြေး ဈေးကွက်တစ်ခုဖြစ်သော စတော့ရှယ်ယာ ဈေးကွက် တစ်နှစ်ပြည့်မြောက်ချိန်အထိ ရန်ကုန် စတော့အိတ်ချိန်း ကုမ္ပဏီ (YSX) နှင့် ငွေချေး သက်သေခံ လက်မှတ် ကုမ္ပဏီများမှာ အရှုံးပေါ်နေဆဲ ဖြစ်ကြောင်း YSX ၏ အမှုဆောင် အကြီးတန်း မန်နေဂျာ ဦးသက်ထွန်းဦးက ပြောကြားသည်။
လတ်တလောတွင် ဝန်ဆောင်မှု ပေးနေသော YSX နှင့် ငွေချေး သက်သေခံ လက်မှတ် ကုမ္ပဏီများ ကိုယ်တိုင် အရှုံးပေါ်နေဆဲ ဖြစ်သောကြောင့် လက်ရှိ သတ်မှတ်ထားသော ကော်မရှင်ခ နှုန်းထားများကို လျှော့ချရန် အစီအစဉ် မရှိသေးကြောင်း ၎င်းက ဖြေကြားခြင်း ဖြစ်သည်။
ရန်ကုန် စတော့အိတ်ချိန်းတွင် စတော့ရှယ်ယာ အရောင်းအဝယ်များ စတင် ရောင်းဝယ်ခဲ့သည်မှာ တစ်နှစ်ပြည့်ပြီဖြစ်ပြီး တစ်နှစ်အတွင်း ငွေကျပ်သန်းပေါင်း ရှစ်သောင်းနီးပါး အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း YSX ထံမှ စုံစမ်း သိရှိရသည်။
ရှယ်ယာ အရောင်းအဝယ်မှာ ယမန်နှစ် မတ်၊ ဧပြီနှင့် မေလတို့တွင်သာ အရောင်းအဝယ် ပမာဏ များပြားခဲ့ပြီး ထိုနောက်ပိုင်းတွင် စတော့ရှယ်ယာများကို ရင်းနှီးမြှုပ်နှံသူများက စိတ်ဝင်စားမှု လျော့ကျခဲ့သည့်အတွက် ရှယ်ယာ ရောင်းဝယ်မှုမှာ ဆက်တိုက် ကျဆင်းခဲ့ကြောင်း စတော့ ရှယ်ယာဈေးကွက် လေ့လာသူတစ်ဦးက ဆိုသည်။ရှယ်ယာ အရောင်းအဝယ် စတင်ချိန်မှ သုံးလအတွင်း ရှယ်ယာ ရောင်းဝယ်မှု ပမာဏ ကျပ်သန်းပေါင်း ၄၆,၈ဝဝနီးပါး အရောင်းအဝယ် ဖြစ်ခဲ့သော်လည်း ကျန်ရှိသည့် ကိုးလတာ အတွင်း ရှယ်ယာ ရောင်းဝယ်မှု ပမာဏ ကျပ်သန်း ပေါင်း ၃၂၈ဝဝ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း YSX ၏ နေ့စဉ် ရှယ်ယာ အရောင်းအဝယ် ထုတ်ပြန်ချက်များအရ သိရသည်။
“စတော့အိတ်ချိန်းရော၊ SC တွေရော ရှုံးတယ်တဲ့။ တကယ်တော့ အရှုံးဆုံးက ရင်းနှီးမြှုပ်နှံသူတွေပဲ။ ပထမဆုံး FMI ရှယ်ယာမှာ တော်တော်ကို အထိနာသွားကြတယ်၊ သီလဝါမှာလည်း ထပ်ထိတာပဲ။ အကုန်လုံး ရှုံးနေကြတယ် ဆိုတော့ ဘယ်သူ မြတ်သေးလဲ”ဟု မြန်မာသီလဝါ အများပိုင် ကုမ္ပဏီ ရှယ်ယာဝယ်ယူထားသော ရင်းနှီးမြှုပ်နှံသူတစ်ဦးက ဆိုသည်။
စတော့ရှယ်ယာ အရောင်းအဝယ် ပြုလုပ်သည့် ပမာဏ၏ ဝ ဒသမ
၅ ရာခိုင် နှုန်းမှ ၁ ရာခိုင်နှုန်းကို ကော်မရှင်ခအဖြစ် ရှယ်ယာ
အရောင်းအဝယ် လုပ်သူများက ပေးချေရပြီး ရှယ်ယာ ဝယ်ယူစဉ်တွင် တံဆိပ် ခေါင်းခွန် ဝ ဒသမ ၁ ရာခိုင်နှုန်းကိုလည်း ရှယ်ယာဝယ်သူက ပေးချေရသည်။
လတ်တလောတွင် ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင် ကုမ္ပဏီ လေးခုရှိပြီး ငွေချေး သက်သေခံလက်မှတ် ကုမ္ပဏီခြောက်ခုက ဝန်ဆောင်မှု ပေးလျက်ရှိသည်။
Source : The Voice