(+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

ရန်ကုန်စတော့အိတ်ချိန်းရုံးကို ရန်ကုန်မြို့ပြအမွေအနှစ်အထိမ်းအမှတ် ကမ္ပည်းပြားတပ်ဆင်

ရန်ကုန်မြို့ ဆူးလေဘုရားလမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ ရန်ကုန်စတော့အိတ်ချိန်းရုံး 

ယခင်ပြည်ထောင်စုဘဏ်ကို ၁၈ ခုမြောက် ရန်ကုန်မြို့ပြအမွေအနှစ် အဆောက်အအုံ

အဖြစ် အသိအမှတ်ပြု အပြာရောင် ကမ္ပည်းပြား မေ ၁၆ ရက်က တပ်ဆင်ခဲ့သည်။


''အနီးအနားမှာ ဆောင်ရွက်လက်စပြန်လည်ပြုပြင်ရေးစီမံကိန်းတွေနဲ့ လက်ရှိအသုံးမပြုတဲ့ 

အစိုးရပိုင် အဆောက်အအုံတွေ ရှိနေတာကြောင့် အခုအချိန်က ဘဏ်လမ်းဧရိယာတစ်ခုလုံးကို 

စနစ်တကျစီမံရမယ့်အချိန်ကောင်းဖြစ်ပါတယ်''ဟု ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်း

စောင့်ရှောက်ရေးအဖွဲ့ကို တည်ထောင်သူ ဒေါက်တာ သန့်မြင့်ဦးက ပြောသည်။


ဂန္ထဝင်ခေတ်ဆန်း ဗိသုကာလက်ရာဖြင့် တည်ဆောက်ထားသော ထိုအဆောက်အအုံကို

၁၉၃၉ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပြီး မူလက အိန္ဒိယ ရီဇတ်ဖ်ဘဏ်အဖြစ် အသုံးပြုရန်

ဒီဇိုင်းရေးဆွဲ တည်ဆောက်ထားခြင်းဖြစ်သည်။ အိန္ဒိယရီဇတ်ဖ်ဘဏ်ကို ၁၉၃၅ ခုနှစ်တွင် 

စတင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံ အိန္ဒိယက ခွဲထွက်သည့် ၁၉၃၇ ခုနှစ်တွင် 

ရန်ကုန်ဘဏ်ခွဲကို ဖွင့်လှစ်ခဲ့သည်။


ထို့ပြင် ဂျပန်ခေတ်သို့ ရောက်သည့်အခါ ယင်းအဆောက်အအုံကို ဗမာနိုင်ငံတော်ဘဏ် 

(People's Bank of Burma) အဖြစ် အသုံးပြုခဲ့ပြီး ဂျပန်ခေတ် ငွေစက္ကူများကို 

ထုတ်ဝေခဲ့သည်။ လွတ်လပ်ရေးရပြီး ၁၉၄၈ခုနှစ်တွင် ပြည်ထောင်စု မြန်မာနိုင်ငံဘဏ်ကို 

တည်ထောင်ခဲ့ပြီး ၁၉၅၂ ခုနှစ် ဇူလိုင် ၁ ရက်တွင် ပထမဦးဆုံး မြန်မာကျပ်ငွေများကို 

ယင်းအဆောက်အအုံတွင်ပင် ထုတ်ဝေခဲ့သည်။


အဆောက်အအုံကို မြဝတီဘဏ်က နှစ်အတန်ကြာအသုံးပြုခဲ့ပြီး ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ

၉ ရက်တွင် ရန်ကုန်စတော့အိတ်ချိန်းရုံး အဖြစ် ဖွင့်လှစ်အသုံးပြုခဲ့ကာ ၂ဝ၁၆ ခုနှစ် 

မတ်၂၅ ရက်တွင် စတော့အရောင်းအဝယ်များကို စတင်နိုင်ခဲ့သည်။


ဒေါက်တာ သန့်မြင့်ဦးက ယခင် ဗဟိုဘဏ်အဆောက်အအုံကို ရန်ကုန်စတော့အိတ်ချိန်းရုံး

အဖြစ် ပြန်လည်ပြုပြင် အသုံးပြုခြင်းသည် အမွေအနှစ်အဆောက်အအုံများကို မည်ကဲ့သို့ 

ပြန်လည်အသုံးချနိုင်ကြောင်း ပြသနိုင်သော နမူနာကောင်း တစ်ခုဖြစ်ကြောင်း ပြောသည်။


ရန်ကုန်မြို့ သမိုင်းကြောင်းတွင် အရေးပါခဲ့သော ရှေးဟောင်းအဆောက်အအုံများကို 

အမွေအနှစ် အဆောက်အအုံများအဖြစ် အပြာရောင်ကမ္ပည်းပြား တပ်ဆင်ခြင်းကို

ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ဆောင်ရွက်နေပြီး

အပြာရောင် ကမ္ပည်းပြား တပ်ဆင်ပြီးပါက ထိုအဆောက်အအုံများကို အသက်အရွယ်မရွေး 

နယ်ပယ်စုံမှ ပြည်သူများနှင့် ခရီးသွားများ လေ့လာနိုင်မည်ဖြစ်သည်။


Source : Myanmar Time


#realestate #property #lease #buy #sell #apartment #condo #flat#house#villa 


#residence #office #commercial #residential #realtor #agency#agent#tenant


 #leasing #yangon #myanmar #estate#estatemyanmar#estatemyanmarnews

Facebook comments