မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ ၂ဝ၁၈-၁၉ စည်းကြပ်နှစ်အတွက် အိမ်ခြံမြေရောင်းဝယ်မှုလုပ်ငန်းအပေါ် အခွန်စည်းကြပ်မည့် သတ်မှတ်နှုန်းထားသစ်များကို ယခုလ ပထမပတ်တွင် ထုတ်ပြန်လိုက်သည်။
အဆိုပါထုတ်ပြန်ချက်အရ မန္တလေးမြို့ စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ ချမ်းမြသာစည်မြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မဟာအောင်မြေမြို့နယ်နှင့် အမရပူရမြို့နယ်များအတွင်း အိမ်မြေစံနှုန်းသတ်မှတ်ချက်များကို အမြင့်ဆုံးနှုန်းထားအဖြစ် တစ်ဧကလျှင် ကျပ်သန်းပေါင်း ၁ဝ,၂ဝဝ အထိ သတ်မှတ်လိုက်သည်။
အဆိုကျပ်သန်းပေါင်း သောင်းကျော်သတ်မှတ်မှုတွင် ပါဝင်သောဧရိယာမှာ ချမ်းအေးသာစံမြို့နယ်အတွင်း ပတ်ကုန်းရပ်ကွက် ဝန်းကျင်တွင်ဖြစ်ကာ ၂၆ လမ်းမဘေးတွင် တစ်ဧကလျှင် ကျပ်သန်းပေါင်း ၉,ရဝဝ မှ အမြင့်ဆုံး ကျပ်သန်းပေါင်း ၁ဝ,၂ဝဝ အထိ အခွန်စည်းကြပ်သွားရန် သတ်မှတ်လိုက်ခြင်းဖြစ်သည်။
အခြားဧရိယာများတွင် အိမ်မြေစံနှုန်းသတ်မှတ်ချက် အမြင့်ဆုံးအဖြစ် သိပ္ပံလမ်းမပေါ် (၆၄ လမ်းနှင့် ၆၉ လမ်း ကြား)တွင် တစ်ဧကလျှင် ကျပ်သန်းပေါင်း ၇,၅ဝဝ မှ ၈,ဝဝဝ အထိ၊ ၇၈ လမ်းပေါ် (၃၅ လမ်းမှ လမ်း ၄ဝ အထိ)ကို ကျပ်သန်းပေါင်း ၉,ဝဝဝ မှ ၉,၅ဝဝ အထိ၊ မြို့သစ် (၁) (၂) (၃) ရပ်ကွက်ကြီးများတွင် တစ်ဧကလျှင် အမြင့်ဆုံးကျပ်သန်းပေါင်း ၈,ဝဝဝ မှ ၉,ဝဝဝ အထိ၊ ချမ်းအေးသာစံမြို့နယ်အတွင်း စျေးချိုအနီး ၈၄ လမ်းပေါ် (၂၈ လမ်းနှင့် လမ်း ၃ဝ ကြား) တွင် အမြင့်ဆုံးကျပ်သန်း ၈,၆ဝဝ မှ ၉,ဝဝဝ အထိ သတ်မှတ်ထားသည်။
လက်ရှိတွင် အိမ်မြေရောင်းဝယ်ရာ၌ ၂ဝ၁၆ အခွန်အကောက် သတ်မှတ်ချက်အရ အိမ်မြေတန်ဖိုး တစ်ကျပ်မှ ကျပ်သိန်း ၃ဝဝ အထိကို ၁၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃ဝဝ အထက်မှ ကျပ်သိန်း ၁,ဝဝဝ အထိကို ၂ဝ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁,ဝဝဝ အထက်ကို ၃ဝ ရာခိုင်နှုန်းပေးဆောင်ရန် သတ်မှတ်ထားသည်။
အဆိုပါသတ်မှတ်ချက် မတိုင်မီက အိမ်ခြံမြေတန်ဖိုး တစ်ကျပ်မှ ကျပ်သိန်း ၁,ဝဝဝ အထိကို အခွန်သုံးရာခိုင်နှုန်း၊ ကျပ်သိန်း ၁,ဝဝ၁ ကနေ ကျပ်သိန်း ၅,ဝဝဝ အထိ ငါးရာခိုင်နှုန်း၊ ကျပ်သိန်း ၅,ဝဝ၁ ကနေ ကျပ်သိန်း ၁ဝ,ဝဝဝ အထိ ၁ဝ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁ဝ,ဝဝ၁ ကနေ ကျပ်သိန်း ၁၅,ဝဝဝ အထိ ၂ဝ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁၅,ဝဝဝ အထက်ကို ၃ဝ ရာခိုင်နှုန်းအဖြစ် အလီလီခွဲခြားသတ်မှတ်ခဲ့ရာ အိမ်ခြံမြေရောင်းဝယ်မှုများတွင် ပို၍လုပ်သာကိုင်သာရှိခဲ့သည်။
''အခု အိမ်မြေအခွန်စည်းကြပ်ဖို့ စံနှုန်းအသစ်တွေ ထပ်ထွက်လာတယ်လို့ ကြားပါတယ်။ အသေးစိတ်တော့ ကျွန်တော် မသိသေးပါဘူး။ ဒါပေမဲ့ အိမ်မြေတန်ဖိုးစံနှုန်း အသစ်တွေက မနှစ်ကထက် နည်းသည်ဖြစ်စေ၊ များလာသည်ဖြစ်စေ အခွန်နှုန်းထားတွေက မြင့်မနေဘဲ လုပ်သာကိုင်သာရှိဖို့လည်း အရေးကြီးပါတယ်။ အခွန်နှုန်းထားတွေက မမြင့်မှသာ အရောင်းအဝယ် ပိုဖြစ်နိုင်ပါတယ်။ အခု အိမ်မြေစျေးကွက်အေးနေတာ နှစ်တော်တော်ကြာနေပါပြီ''ဟု မန္တလေးမြို့ခံ အိမ်မြေအကျိုးဆောင် ဦးအောင်ဝင်းက ပြောသည်။
Source : The Myanmar Time