ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များတွင် လုပ်ကိုင်လျက်ရှိသော စက်မှုဇုန်လုပ်သားများအိမ်ရာပိုင်ဆိုင်နိုင်ရေးအတွက် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် စက်မှုဇုန်မှ တာဝန်ရှိသူများ ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ဒီဇင်ဘာ ၂၁ ရက်တွင် ပြောသည် ။
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ဝင်ငွေနည်းပြည်သူလူထု အိမ်ရာပိုင်ဆိုင်နိုင်ရေးအတွက် ဆောက်လုပ်ရေးအခြေခံအဆောက်အအုံနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHID) တို့ချိတ်ဆက် ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါတွင် စက်မှုဇုန်လုပ်သားများအတွက် ဆောင်ရွက်ပေးသွားရန်ရှိကြောင်း သိရသည် ။
" အန်ကယ်တို့ ဌာနက ဆောက်လုပ်တဲ့ အိမ်ရာတချို့က စက်မှုဇုန်အနီးအနားမှာရှိတယ် ။ဒါကြောင့် အဲဒီစက်မှုဇုန်ကလုပ်သားတွေ အိမ်ရာဝယ်ယူချင်တယ်ဆိုရင် စက်မှုဇုန်တာဝန်ခံတွေက သူတို့ရဲ့ ဝန်ထမ်းတွေကို တာဝန်ခံပေးပြီး ဘဏ်နဲ့ ချိတ်ဆက်ပေးသွားမယ် " ဟု ယင်းက ပြောသည် ။
ရန်ကုန်တိုင်းဒေသကြီးအတွင်းဆောက်လုပ်ရေးဝန်ကြီးဌာနမှ တည်ဆောက်ထားသည့် အိမ်ရာများစွာရှိပြီး ထိုထဲမှ ရွှေလင်ဗန်းအိမ်ရာတွင် အခန်းပေါင်း ၂၀၀ နှင့် ထီးလှိုင်ရှင်အိမ်ရာတွင် အခန်းပေါင်း ၂၀၀ ရောင်းချရန် ကျန်ရှိနေကြောင်း သိရသည် ။
CHID ဘဏ်အနေဖြင့်လည်း ဂျပန်နိိုင်ငံမှ အိမ်ရာချေးငွေ ရရှိထားသောကြောင့် အိမ်ရာဝယ်ယူလိုသူများအတွက် အတိုးနှုန်းကို ၈ ဒသမ ၅ ရာခိုင်နှုန်းအထိ လျှော့ချကာ ရောင်းချပေးသွားရန် ရှိကြောင်း သိရသည် ။
Source : aksjournal