ဒီနေ့ခေတ်ကွန်ဒိုတွေထဲမှာ အတော်အတန်ကျယ်ဝန်းတယ်လို့ ခေါ်နိုင်ပြီး နေရာကောင်းမှာတည်ရှိတဲ့ ကွန်ဒို အခန်းတစ်ခန်းကို ဒီတစ်ပတ်ရဲ့ စိတ်ကြိုက်အိမ်ကဏ္ဍအတွက် မိတ်ဆက်ပေးချင်ပါတယ်။
ဒီအခန်းလေးကတော့ Royal Aung Zay Ya ကွန်ဒိုမှာဖြစ်ပြီး အခန်းရဲ့ စုစုပေါင်းအကျယ်အဝန်းက ၂,၂ရဝ စတုရန်းပေရှိပါတယ်။ အိပ်ခန်းသုံးခန်း၊ မီးဖိုခန်းတစ်ခန်း၊ ထမင်းစားခန်း၊ ဧည့်ခန်း၊ စာကြည့်ခန်းနဲ့ စတိုခန်းတစ်ခန်းတို့ ပါရှိပါတယ်။
အခန်းရဲ့အရှေ့မျက်နှာစာတစ်ခုလုံးကို မှန်နဲ့ ကာရံထားတာကြောင့် နေ့ခင်းဘက်တွေမှာ လျှပ်စစ်မီးသုံးစရာမလိုဘဲ ပြင်ပအလင်းရောင်ကောင်းကောင်းနဲ့ နေနိုင်မှာဖြစ်ပါတယ်။ ကျယ်ဝန်းတဲ့ Master Bedroom သုံးခန်းပါရှိပြီး တစ်ခန်းစီတိုင်းကို သာမန်ထက် ကျယ်ဝန်းတဲ့ပုံစံမျိုးနဲ့ ဖွဲ့စည်းထားပါတယ်။
မီးဖိုခန်းကလည်း သာမန်ထက်ပိုမိုကျယ်ဝန်းတဲ့ အနေအထားကိုတွေ့ရပြီး လျှပ်စစ်မီးဖိုတွေအပြင် ဂက်စ်မီးဖိုတွေကိုပါ ထည့်သွင်းပေးထားတာကိုလည်း တွေ့ရပါတယ်။ မီးဖိုခန်းရဲ့ အနောက်ဘက်တံခါးကို ဖွင့်လိုက်မယ်ဆိုရင်တော့ ၆ ပေ ၄ ပေထက် ပိုကျယ်ဝန်းတဲ့ အိမ်နောက်ဖေးဝရန်တာတစ်ခုကိုလည်း ထည့်သွင်းတည်ဆောက်ထားပြီး အဝတ်လှန်းချင်တဲ့အခါ အဆင်ပြေအောင် ထည့်သွင်းထားတာဖြစ်ပါတယ်။
ဒါ့ပြင် ကိုယ်နေတဲ့ အိမ်ခန်းကနေပဲ အမှိုက်ပုံးထဲကိုအရောက် အမှိုက်ပစ်နိုင်တဲ့စနစ် ထည့်သွင်းပေးထားတာကြောင့် နေထိုင်သူတွေအတွက် တကယ်ကို အဆင်ပြေစေမှာပါ။ မီးဖိုခန်းနဲ့ထမင်းစားခန်းကို တွဲမထားဘဲ မီးဖိုခန်းရဲ့အပြင်ဘက်မှာသာ ထမင်းစားပွဲကို ပြင်ဆင်ပေးထားတဲ့အတွက် ဧည့်သည်တွေကို ထမင်းဖိတ်ကျွေးတဲ့အခါမျိုးမှာ ပိုမိုအဆင်ပြေစေမှာပါ။
အိမ်ထဲကိုဝင်ဝင်ချင်း ဘယ်ဘက်ခြမ်း လေးပေခန့်အကွာမှာ မှန်တစ်ဝက်ကာရံထားတဲ့ အခန်းငယ်တစ်ခန်းရှိပါတယ်။ စာကြည့်ခန်းအဖြစ် အသုံးပြုလို့ရသလို ဘုရားခန်းအဖြစ်လည်း အသုံးပြုလို့ အဆင်ပြေနိုင်ပါတယ်။
ဧည့်ခန်းနဲ့ ထမင်းစားခန်းဟာ တစ်ဆက်တစ်စပ်တည်းတည်ရှိနေပြီး အတော်အတန် ကျယ်ဝန်းလှတာကြောင့် ကလေးငယ်ရှိတဲ့ မိသားစုတွေအနေနဲ့ ကလေးပြေးဆော့ဖို့ လုံလောက်တဲ့နေရာတစ်ခုလည်း ဖြစ်ပါတယ်။
မိသားစုများပြီး ကွန်ဒိုအခန်းသန့်သန့်ကိုမှ ကြိုက်နှစ်သက်ပြီး နေထိုင်ချင်တဲ့သူတွေအတွက် အလွန်အဆင်ပြေစေမယ့် နေရာတစ်ခုလည်းဖြစ်ပါတယ်။
ဒီအခန်းလေးကို ငှားရမ်းချင်တယ်ဆိုရင်တော့ တစ်လကို မြန်မာငွေကျပ် သိန်း ၄ဝ ကျသင့်မှာဖြစ်ပြီး အလျှော့အတင်းရှိတယ်လို့ သိရပါတယ်။ ဝယ်ယူမယ်ဆိုရင်တော့ မြန်မာငွေကျပ် သိန်း ၄,၆ဝဝ ကျသင့်မှာ ဖြစ်ပါတယ်။
ကွန်ဒိုဥပဒေရဲ့ သတ်မှတ်ချက်အရ စတုရန်းပေ ၂,ဝဝဝ အထက်မှာတည်ရှိပြီး ကွန်ဒိုတစ်ခုမှာရှိသင့်တဲ့ ဝန်ဆောင်မှုတွေ ပြည့်ပြည့်စုံစုံရှိတာကြောင့် လက်ရှိစျေးကွက်ထဲမှာရှိနေတဲ့ ကွန်ဒိုအငှားစျေးနှုန်းတွေနဲ့ယှဉ်ရင် ပေးရတဲ့စျေးနှုန်းနဲ့ ထိုက်တန်တယ်လို့ ဆိုရမှာပါ။
ဒီကွန်ဒိုရဲ့ ဒုတိယထပ်မှာတော့ ရေကူးကန်နဲ့ Gym တို့ပါဝင်ပြီး ၂၄ နာရီ လျှပ်စစ်မီးဝန်ဆောင်မှု၊ ၂၄ နာရီ လုံခြုံရေးဝန်ဆောင်မှုတို့အပါအဝင် ဝန်ဆောင်ခအားလုံးအတွက် စုစုပေါင်း တစ်လကို ငွေကျပ် ကိုးသောင်းပေးဆောင်ရမှာဖြစ်ပါတယ်။ ကားပါကင်အတွက်တော့ မြေအောက်နှစ်ထပ် ကားပါကင် ထည့်သွင်းတည်ဆောက်ပေးထားတာကြောင့် စိတ်ပူစရာမလိုတော့ပါဘူး။
ကွန်ဒိုတည်ရှိရာ အောင်ဇေယျလမ်းအနီးတစ်ဝိုက်မှာတော့ ကွန်ဒိုနဲ့ လုံးချင်းအိမ်တွေ အများအပြားတည်ရှိနေပြီး အိမ်ငှား၊ အိမ်ဝယ်သူတွေ စိတ်ဝင်စားကြတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။ ရန်ကင်းမြို့နယ်ဟာ အိမ်ခြံမြေစျေးကွက်အတွင်းမှာ ပြည်တွင်းဝယ်ယူ/ငှားရမ်းလိုမှုများတဲ့ မြို့နယ်တစ်ခုဖြစ်တဲ့အပြင် နိုင်ငံခြားသား အငှားသွက်တဲ့မြို့နယ်တစ်ခုလည်း ဖြစ်ပါတယ်။
အစိုးရက ချမှတ်ထားတဲ့ တစ်စတုရန်းပေ သတ်မှတ်တန်ဖိုးတွေအရ ကွန်ဒိုတည်ရှိရာ အောင်ဇေယျလမ်းမှာ ၂ဝ၁၈ ခုနှစ်က တစ်စတုန်းပေသတ်မှတ်တန်ဖိုးမှာ ငွေကျပ် ၁၃၅,ဝဝဝ ရှိခဲ့ရာကနေ အသစ်ပြင်ဆင်မယ့်နှုန်းထားအရ ငွေကျပ် ၁၂ဝ,ဝဝဝ သာ ကျသင့်တော့မှာ ဖြစ်ပါတယ်။
ရန်ကင်းမြို့နယ်တစ်ခုလုံးအတွက် သတ်မှတ်ပေးထားတဲ့ တစ်စတုရန်းပေအပေါ် မြေတန်ဖိုးတွေအရ ၂ဝ၁၈ ခုနှစ်အတွင်းက အနည်းဆုံး ငွေကျပ် ၈၅,ဝဝဝ ကနေ အများဆုံး ငွေကျပ် လေးသိန်းထိရှိခဲ့ပြီး အသစ်ပြင်ဆင်မယ့် နှုန်းထားအရ အနည်းဆုံး ငွေကျပ် ၇၅,ဝဝဝ ကနေ အများဆုံးငွေကျပ်လေးသိန်းထိ ရှိနေဆဲဖြစ်ပါတယ်။
Royal Aung Zay Ya Condo တည်ရှိရာ ရန်ကင်းမြို့နယ်နဲ့ ကပ်လျက်တည်ရှိတဲ့ တာမွေမြို့နယ်မှာ ၂ဝ၁၈ ခုနှစ်အတွင်းက သတ်မှတ်ခဲ့တဲ့ တစ်စတုရန်းပေ နှုန်းထားတွေဟာ အနည်းဆုံးငွေကျပ် သုံးသောင်းခွဲကနေ အများဆုံး ငွေကျပ်တစ်သိန်းခွဲထိရှိခဲ့ပြီး အသစ်ပြင်ဆင်မယ့်နှုန်းထားအရ အနည်းဆုံး ငွေကျပ် ၃၂,ဝဝဝ မှ အများဆုံး ငွေကျပ် ၁၃၅,ဝဝဝ ထိ ကျဆင်းခဲ့ပါတယ်။
မြို့နယ်ချင်းထိစပ်လျက်တည်ရှိနေပေမဲ့ တစ်စတုရန်းပေအတွက် သတ်မှတ်ထားတဲ့ မြေတန်ဖိုးကွာဟချက်က အနည်းဆုံး ငွေကျပ်လေးသောင်းကနေ အများဆုံး ငွေကျပ်သုံးသိန်းနီးပါးအထိ ရှိနေပါတယ်။ ရန်ကင်းမြို့နယ်အတွင်းမှာရှိတဲ့ ကွန်ဒိုခန်းတွေရဲ့ အငှားစျေးနှုန်းတွေကတော့ ယေဘုယျအားဖြင့် အမေရိကန်ဒေါ်လာ ၃၅ဝ နဲ့ ၄,ဝဝဝ ကြားရှိနေပါတယ်။
ရန်ကင်းမြို့နယ်မှာ Golden City လို အထင်ကရ အိမ်ရာစီမံကိန်းတွေလည်းတည်ရှိပြီး ကျန်းမာရေးအတွက် ရန်ကင်းကလေးဆေးရုံ၊ နံနက်စောစောနဲ့ ညနေခင်းတွေမှာ အေးအေးလူလူ လမ်းလျှောက်ချင်သူတွေအတွက် လမ်းနီကန်ဘောင်ကလည်း အနီးအနားမှာ တည်ရှိနေပါသေးတယ်။
ရန်ကင်းမြို့နယ်ဟာ သွားလာဆက်သွယ်ရေးအရ လွယ်ကူချောမွေ့တဲ့ နေရာတစ်ခု၊ ရန်ကုန်မြို့ရဲ့ အချက်အချာကျတဲ့ မြို့နယ်တစ်ခုဖြစ်ရုံသာမက နာမည်ကြီးအစားအသောက်တွေလည်း ပေါများရာမြို့နယ်တစ်ခု ဖြစ်ပါတယ်။
ဒီလို ပတ်ဝန်းကျင်ကောင်းတွေနဲ့ တည်ရှိနေတဲ့ ရန်ကင်းမြို့နယ်ဟာ လေဆိပ်၊ အဝေးပြေးကားဂိတ်၊ ရန်ကုန်မြို့ထဲတို့နဲ့ မနီးမဝေးနေရာမှာ တည်ရှိနေပါတယ်။ ရန်ကင်းမြို့ နယ်ကနေ ရန်ကုန်မြို့ထဲကို ကားနဲ့သွားမယ်ဆိုရင်တော့ YBS ယာဉ်လိုင်းတွေဖြစ်တဲ့ နံပါတ် ၂၉၊ ၁၂၊ ၈၇ တို့ကို စီးနင်းနိုင်ပါတယ်။ ယာဉ်စီးခ တစ်ဦးကို ၂ဝဝ ကျပ် ကျသင့်မှာဖြစ်ပြီး အချိန်မိနစ် ၃ဝ မှ ၄ဝ ခန့်အထိ ကြာမြင့်နိုင်ပါတယ်။
ရန်ကင်းမြို့နယ်ကနေ မင်္ဂလာဒုံလေဆိပ်နဲ့ အဝေးပြေးကားဂိတ်ကို ကားနဲ့သွားမယ်ဆိုရင်တော့ မိနစ် ၄ဝ ကနေ မိနစ် ၅ဝ ခန့်အထိ ကြာမြင့်နိုင်ပြီး မြန်မာပလာဇာမှတ်တိုင်ကနေ လေဆိပ်ကိုတိုက်ရိုက်ရောက်ရှိနိုင်တဲ့ YBS ယာဉ်လိုင်းကိုလည်း ငွေကျပ် ၅ဝဝ တည်းနဲ့ စီးနင်းနိုင်ပါတယ်။
ဆက်သွယ်ရန်လိပ်စာ - Estate Myanmar အိမ်ခြံမြေအကျိုးဆောင်။ Royal Aung Zay Ya Condo, အောင်ဇေယျလမ်း၊ လေးလွှာ၊ ရန်ကင်းမြို့နယ်။
စျေးနှုန်း - ကျပ်သိန်း ၄ဝ (ငှား)၊ ကျပ်သိန်း ၄,၆ဝဝ (ရောင်း)
Source - Myanmar Times