(+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

ကွန်ဒိုမီနီယံ အဆောက်အအုံအဆင့်ရှိမရှိ စိစစ်ရန်ဆောင်ရွက်နေမှု ၈ဝ ရာခိုင်နှုန်းကျော်ပြီးစီး

ဆောက်လုပ်ပြီးနှင့် ဆောက်လုပ်ဆဲ ကွန်ဒိုမီနီယံ တိုက်ခန်းများကို ကွန်ဒိုမီနီယံအဆောက်အအုံအဆင့် ရှိမရှိ စိစစ်ရန်ဆောင်ရွက်နေမှု ၈၀ ရာခိုင်နှုန်းကျော် ပြီးစီးပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကွန်ဒိုမီနီယံ ကြီးကြပ်ရေးကော်မတီမှ သိရသည်။

"လက်ရှိမှာ အစည်းအဝေးတွေလုပ်နေတာ။ တချို့ အချက်အလက်လေးတွေက နည်းနည်းလေးလုပ်ဖို့ကိုင်ဖို့ လိုနေလို့။ အဖွဲ့အစည်းပေါင်းစုံနဲ့ ညှိနေတယ်။ ဆောင် ရွက်နိုင်ဖို့ကတော့ မကြာတော့ပါဘူး။ ရာခိုင်နှုန်းအားဖြင့် တော့ ဆောင်ရွက်နေမှုတွေက ၈၀ ရာခိုင်နှုန်းကျော်လောက် ပြီးသွားပါပြီ။ အစည်းအဝေးဆုံးဖြတ်ချက်အရ စစ်ဆေးမှု တွေမှာ တကယ်တမ်းကွန်ဒိုမဟုတ်ရင်တော့ နောက်ပိုင်း ကျရင် ကွန်ဒိုတပ်ခွင့် မပေးတော့ဘူး" ဟု ရန်ကုန်တိုင်း ဒေသကြီး ကွန်ဒိုမီနီယံကြီးကြပ်ရေးကော်မတီဝင်၊ မြန်မာ နိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဦးမျိုးမြင့်က ဒီဇင်ဘာ ၂ ရက်တွင် မြန်မာတိုင်းမ်နေ့စဉ်သို့ ပြောဆိုသည်။

၂၀၁၆ ခုနှစ် ဇန်နဝါရီ ၂၉ ရက်တွင် ကွန်ဒိုမီနီယံ ဥပဒေထွက်ပေါ်ခဲ့ကာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၇ ရက်တွင် နည်းဥပဒေကိုထုတ်ပြန်ခဲ့ကြောင်း၊ နည်းဥပဒေထုတ် ပြန်ပြီးနောက် ကွန်ဒို မီနီယံဥပဒေကို အကောင်အထည် ဖော်နိုင်ရန် ကြီးကြပ်ရေးကော်မတီရှိရန် လိုအပ်ခြင်း ကြောင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်က ဆောက် လုပ်ရေးဝန်ကြီးဌာနမှ ရန်ကုန်တိုင်းဒေသကြီး၏ ကွန်ဒို မီနီယံနှင့်ပတ်သက်သော ကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းပေးခဲ့ပြီး ဆောက်လုပ်ပြီးနှင့် ဆောက်လုပ်ဆဲ ကွန်ဒိုမီနီယံတိုက်ခန်းများကို ကွန်ဒိုမီနီယံအဆောက် အအုံအဆင့်ရှိမရှိစိစစ်ပြီး သတ်မှတ်ချက်နှင့်မပြည့်မီပါက ကွန်ဒိုအဆောက်အအုံအဖြစ်မှ ပယ်ဖျက်မည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။

"ဒီတစ်လလောက်အတွင်းမှာပဲ ဆောင်ရွက်မှာပါ။ ပရောဂျက် ၂၄ ခုရှိတဲ့ဟာက နောက်လမှာစပြီးတော့ ပရောဂျက် ၁၅ ခုလောက် စတင်ပါပြီ။ သူတို့က တင်ပြ မယ်။ ဒီနှစ်မကုန်ခင်မှာ စတင်နိုင်ပါမယ်။ သူတို့ရဲ့ တင်ပြလာတဲ့ ပရောဂျက်ကို အခန်းတွင်းတန်ဖိုးနဲ့တွက် ချက်ပြီးတော့ အကြမ်းဖျင်းတွဲတင်ရမယ်။ တင်တဲ့အခါမှာ ခံဝန်ထိုးပြီးရင် ကျွန်တော်တို့က လိုအပ်တာတွေ စိစစ် ပြီးတော့ အဖွဲ့ရဲ့ဆုံးဖြတ်ချက်နဲ့ စတင်ခွင့်ပြုသွားမှာပါ"ဟု ၎င်းက ပြောသည်။

ကွန်ဒိုတိုက်ခန်း တစ်ခန်းချင်းစီ၏ တန်ဖိုးများကို တွက်ချက်နိုင်သည့် ပညာရှင်များမရှိသေးသည့်အတွက် မွေးထုတ်ရန်ပြင်ဆင်နေပြီး စင်ကာပူနိုင်ငံမှ ပညာရှင်က သင်ကြားပေးမည်ဖြစ်ကာ မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီက PE ရရှိထားသူများနှင့် မြန်မာနိုင်ငံဗိသုကာ ကောင်စီမှ SLA ရရှိထားသူများ ယင်းသင်တန်းသို့ တက်ရောက်ခွင့်ရှိမည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး ကွန်ဒိုမီနီယံ ကြီးကြပ်ရေးကော်မတီမှ စုပေါင်းပိုင် အဆောက်အအုံ (ကွန်ဒို) တည်ဆောက်ခြင်းလုပ်ငန်း လိုင်စင်ထုတ်ပေးထားပြီးဖြစ်သော်လည်း ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်း တစ်လုံးမျှတည်ဆောက်ခြင်းမရှိသေး ကြောင်း သိရသည်။

ကွန်ဒိုမီနီယံဥပဒေအရ ကွန်ဒိုမီနီယံများမှာ အနည်း ဆုံး ခြောက်ထပ်နှင့်အထက်ရှိရမည်ဖြစ်ကာ အကျယ် အဝန်းအားဖြင့် ၂၀ဝ၀ဝ စကွဲယားဖိ အထက်ကျော်လွန် သောမြေပေါ်တွင် တည်ဆောက်ထားသည့် အဆောက် အအုံဖြစ်ရမည်ဖြစ်ကြောင်း၊ ကွန်ဒိုမီနီယံဥပဒေသစ်အရ ယခင်ကဲ့သို့ မြေပိုင်ရှင်တစ်ဦးတည်း အမည်ပေါက်မဟုတ် တော့ဘဲ စီမံခန့်ခွဲရေးကော်မတီထံတွင် ယင်းမြေကို အပ်နှံရမည်ဖြစ်ပြီး တစ်ဦးတစ်ယောက်ပိုင်မြေမှ အများ ပိုင်မြေအဖြစ် လွှဲပြောင်းရမည်ဖြစ်ကြောင်းသိရသည်။ ထို့အပြင် ကွန်ဒိုမီနီယံအဆောက်အအုံတစ်ခုတွင် ထွက်ရှိလာမည့် တိုက်ခန်း၏ ၄၀ ရာခိုင်နှုန်းကို နိုင်ငံ ခြားသားများအနေဖြင့် မိမိနိုင်ငံဘဏ်မှ မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဘဏ်သို့ တရားဝင်ငွေလွှဲပြောင်းဝယ်ယူရ မည်ဖြစ်ကြောင်း သိရသည်။

Facebook comments