(+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

မြို့ကြီးပြကြီးမှာ အလုပ်လုပ်ရာဝယ်

မြို့ကြီးပြကြီးမှာ အလုပ်လုပ်ရာဝယ်
*********************************
လူရယ်လို့ဖြစ်လာလျှင် စား၊ ဝတ်၊ နေ၊ ရေးဆိုသည့် အရေးသုံးပါးကို မလွဲမသွေကြုံတွေ့ကြရမည်ဖြစ်သည်။ “စား” ဟုဆိုရာ စားရေး၊ သောက်ရေး၊ အသက်ရှင်နေထိုင်ရေးအတွက် အလုပ်လုပ်ကြရပါသည်။
အလုပ်အကိုင်ကြသည့်အခါတွင်လည်း အောက်ခြေသိမ်း ကျပန်းနေ့စားအလုပ်သမားမှသည် နိုင်ငံတော်သမ္မတအထိ အဆင့်ဆင့်အလုပ်လုပ်ကြရပါသည်။ အလွှာပေါင်းစုံ အသီးသီးမှာ စား၊ ဝတ်၊ နေ၊ ရေး ပြဿနာများကို နေ့စဉ်နှင့်အမျှ ရင်ဆိုင်ဖြေရှင်းနေရပေသည်။ ထိုအရေးသုံးပါးတွင် စားဖို့နှင့် ဝတ်ဖို့ဆိုရာတွင် အဆင်ပြေအောင် ဖြေရှင်း၍ ရနိုင်သော်လည်း နေထိုင်ရေးကြတော့ပင် ဒုက္ခရောက်ကြရပေသည်။
တောမှ၊ နယ်များမှတက်လာသော လူများအဖို့ ရန်ကုန်မြို့လိုမြို့ကြီးပြကြီးများတွင် လာရောက်၍ အသက်မွေးဝမ်းကျောင်းပြုရန် (သို့) အလုပ်လုပ်ရန်အတွက် နေထိုင်ဖို့ နေရာရှာရခြင်းသည် အဓိကပြဿနာတစ်ရပ်ဖြစ်နေပေသည်။
စာရေးသူသည် လှိုင်မြို့နယ်တွင် နေထိုင်သူတစ်ဦးဖြစ်ရာ စာရေးသူတို့မြို့နယ်အတွင်း လမ်းတိုင်း၊ လမ်းတိုင်းလိုလိုတွင် ကန်ထရိုက်တိုက်များမှာ မှိုပေါက်သလို ပေါများလာပေသည်။ ပေါများလာသော ကန်ထရိုက်တိုက်များနည်းတူ နယ်မှမြို့သို့ တက်၍ အလုပ်လုပ်ကိုင်ကြသောသူများလည်း ပိုမိုပေါများလာသည်ကို တွေ့မြင်လာရသည်။ ထို့ကြောင့် နယ်မှ လာရောက်သူများအဖို့ နေထိုင်ရေးအတွက် အခန်း (သို့) အိမ်ရှာရပေတော့သည်။
ရန်ကုန်မြို့တွင် နယ်မှလာရောက်သူများ အများဆုံးငှားဖြစ်ကြသည့် တိုက်ခန်း၊ နေအိမ်အခန်းငှားခဈေးနှုန်းများမှာ ပျမ်းမျှ ငွေကျပ် (၁)သိန်း၊ (၂) သိန်းဝန်းကျင်တွင် ရှိနေသည်။ ထို့ကြောင့် ရန်ကုန်သို့လာရောက်၍ အလုပ်လုပ်ကိုင်ကြသူများအဖို့ တစ်ယောက်ထဲဖြင့် အခန်းငှား၍ နေထိုင်ရန်မှာ အလုပ်မှရသည့် ဝန်းထမ်းလခနှင့် တစ်ယောက်ထဲ ငှားနေရန် မတတ်နိုင်ကြသဖြင့် မိမိနှင့်နီးစပ်ရာသူငယ်ချင်း၊ မိတ်ဆွေများစုပေါင်း၍ စုပေါင်းအိမ်ငှားကြရပါသည်။
ထိုသို့ သုံးယောက် (သို့) လေး၊ ငါးယောက်စုပြုံ၍ နေထိုင်တာတောင် တစ်လလျှင် မိမိနေထိုင်စရိတ်အတွက် သုံးငွေမှာ (၃) သောင်းမှ (၄)သောင်းဝန်းကျင်အထိ ရှိပါသည်။ ထမင်းစရိတ်နှင့် အထွေထွေအသုံး စရိတ်ဆိုလျှင် တစ်လလျှင် လူတစ်ယောက်စာ ပျှမ်းမျှသုံးစရိတ်မှာ ငွေကျပ်(၁) သိန်းကျော် ရှိပါသည်။ထို့အတွက် သာမန်လူတန်းစားများအဖို့ရာ တိုးတက်ကြီးပွားချမ်းသာဖို့မဆိုထားနှင့် အသက်ရှင်နေထိုင်ဖို့အတွက်ကိုပင် အခက်အခဲနှင့် ရင်ဆိုင်နေရပေသည်။
အနောက်နိုင်ငံများတွင် အလုပ်လုပ်ကိုင်နေသောသူများအဖို့ ၎င်းတို့လုပ် ကိုင်နေသောကုမ္ပဏီများမှနေ၍ နေရာထိုင်ခင်း (Accommodation) စီစဉ်ပေးမှုကြောင့် အလုပ်လုပ်ကိုင်နေသော ဝန်ထမ်း အဖို့ နေထိုင်ရန်အတွက် စိတ်သက်သာရာရရှိပေသည်။ ထိုနည်းတူစွာ မိမိနေထိုင်ရာ အိမ် မှ မိမိတို့အလုပ်လုပ်ကိုင်ရာ နေရာဌာနသို့ လွယ်ကူစွာဖြင့် ရောက်ရှိနိုင်ရန် မော်တော်ကား Bus, Transportation စီစဉ်ပေးခြင်းတို့ကြောင့် အလုပ်သို့အချိန်မှီစွာရောက်ရှိကြပါသည်။ ထို့အတွက် ဝန်ထမ်းများအနေဖြင့် သွားရေးလာရေးမှအစ နေထိုင်ရေးအတွက် စိတ်ဖိစီးမှုဒဏ်မှ ကင်းဝေးသဖြင့် မိမိတို့လုပ်ကိုင်ရာနယ်ပယ်အသီးသီးတွင် အလုပ်တာဝန်များကို ကျေပြွန်စွာ ထမ်းဆောင်နိုင်ကြမည်ဖြစ်ပေသည်။
မြန်မာနိုင်ငံတွင် ယခုဆိုလျှင် တချို့ကုမ္ပဏီများမှာ သူ့ဆိုင်ရာဆိုင်ရာနယ်ပယ်အလိုက် Transportation များကို စီစဉ်ပေးခြင်း ကြောင့် ဝန်ထမ်းများမှာ သက်သောင့်သက်သာဖြင့် မိမိတို့တာဝန်ကျရာ ကုမ္ပဏီသို့ရောက်ရှိသဖြင့် လန်းလန်းဆန်းဆန်းဖြင့် တစ်နေ့တာအတွက် အလုပ်ကိုပျော်ရွှင်စွာစတင်နိုင်ကြသည်။ အကယ်၍သာ မြန်မာပြည်ရှိ ကုမ္ပဏီကြီးများအနေဖြင့် နယ်မှလာ၍ မိမိတို့ကုမ္ပဏီတွင် အလုပ်လုပ်ကိုင်ကြသော ဝန်ထမ်းများကိုနေရေး (Accommodation) များ စီစဉ်ဆောင်ရွက်ပေးပါက မိမိတို့လုပ်ကိုင်နေသောလုပ်ငန်းများကို များစွာ အကျိုးပြုနိုင်ပေသည်။
ဝန်ထမ်းများအနေဖြင့်လည်း ကုမ္ပဏီများမှ နေထိုင်ရေးနှင့် သွားလာရေးတို့ကို စီစဉ်ပေးသောအခါ မိမိအတွက်ရော၊ ကုမ္ပဏီအကျိုးစီးပွားအတွက်ကိုပါ ထိထိရောက်ရောက်လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။ ထိုနည်းတူစွာ ဝန်ထမ်းတစ်ယောက်စီ အနေဖြင့် ကုမ္ပဏီတွင် အလုပ်မြဲခြင်းကြောင့် သစ္စာရှိ၍ တော်သောဝန်ထမ်းအား ကုမ္ပဏီမှ အလွယ်တကူ မဆုံးရှုံးနိုင်ခြင်း၊ အစရှိသောကောင်းကျိုးများစွာနှစ်ဦးနှစ်ဖက်ရရှိမည်ဖြစ်ပေသည်။
ကိုဖြိုးအောင်ကျော်
မြန်မာ့အိမ်ခြံမြေသတင်းဌာန Myanmar Property News – MPN

Facebook comments