နိုင်ငံတော်ဖွံ့ ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာ၌ လယ်ယာစိုက်ပျိုးရေးကဏ္ဍနှင့် အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သည်ကို စီးပွားရေးပညာရှင်တို့က ထောက်ပြကြ ပါသည်။ လယ်ယာစိုက်ပျိုးရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုရာ၌ လည်း တောင်သူလယ်သမားအများစုဖြစ်သော လုပ်ကွက်ငယ်လယ်သမား တို့၏ဘဝ တိုးတက်မှုကို ဖော်ဆောင်နိုင်မှသာ တိုင်းပြည်စီးပွားရေးဖွံ့ ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ် အထောက်အပံ့ ဖြစ်မည်ဖြစ်ပါသည်။
လုပ်ကွက်ငယ် တောင်သူလယ်သမားတို့၏ အဓိကလိုအပ်ချက်များမှာ စိုက်ပျိုးရေးစရိတ်ချေးငွေ လုံလုံလောက်လောက် ရရှိရေးနှင့် စပါးပေါ်ချိန်တွင် ရရာဈေးဖြင့် ထိုးရောင်းရသောဘဝမှ လွတ်မြောက်ရေး အတွက် ငွေကြေးထောက်ပံ့မှုစနစ် တစ်ရပ်တို့ဖြစ်ပါသည်။ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အဓိက လိုအပ်ချက် တစ်ရပ်မှာလည်း ချေးငွေလုံလုံလောက်လောက် ရရှိရေးပင် ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် ဆိုရှယ်လစ်စီးပွားရေးစနစ် အကောင်အထည်ဖော်ခဲ့သော ၁၉၆၂ ခုနှစ်မှစ၍ ဘဏ်လုပ်ငန်းအားလုံးကို နိုင်ငံပိုင်သိမ်းယူ ခဲ့သောကြောင့် မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းတို့ ပြိုလဲခဲ့ရပါ သည်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေတ်တွင် နိုင်ငံပိုင်ဘဏ်လုပ်ငန်းတို့သည် ဗဟိုချုပ်ကိုင်သော ဆိုရှယ်လစ်စီးပွားရေးစီမံကိန်းတို့ကို နိုင်ငံရေး အမိန့်အာဏာ တို့၏ စေခိုင်းချက်နှင့်အညီ ပံ့ပိုးပေးရသော အခန်းကဏ္ဍမှသာ ပါဝင်ခဲ့ရပါသည်။ တစ်နည်းဆိုသော် ၂၆ နှစ်ကြာဖြစ်သော မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်တွင် နိုင်ငံတော်ဘဏ်တို့၏ ဈေးကွက်စီးပွားရေးစနစ်ကို ပံ့ပိုးပေးနိုင်သည့် ကျွမ်းကျင်မှု အရည်အချင်းတို့ ပျောက်ကွယ်ဆုံးရှုံးခဲ့ရပါသည်။
စစ်ကောင်စီခေတ်တွင် ဈေးကွက်စီးပွားရေးစနစ်ကို ပံ့ပိုးပေးမည့် ပုဂ္ဂလိကဘဏ်တို့ ပေါ်ထွန်းလာသော်လည်း ကမ္ဘာ့စီးပွားရေးစနစ်နှင့် ကွင်းဆက်ပြတ်နေသော ကာလဖြစ်၍ ပုဂ္ဂလိကဘဏ်တို့၏ အရည်အသွေး မြှင့်တင်ခြင်းကို အကန့်အသတ်ဖြင့်သာ ဆောင်ရွက်နိုင် ခဲ့ပါသည်။
ဗဟိုဘဏ်၏ စီစစ်သုံးသပ်ချက်များအရ ပုဂ္ဂလိကဘဏ်များသည် အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် ငွေထုတ်ချေးမှု အားနည်းလျက်ရှိပြီး ဘဏ်ကို ပိုင်ဆိုင်သော ကုမ္ပဏီကြီးတို့၏ စီးပွားရေးလုပ်ငန်းများနှင့် နီးစပ်ခင်မင်ရာ ပုဂ္ဂိုလ်လုပ်ငန်းရှင်များကိုသာ ငွေထုတ်ချေးမှုများပြားလျက် ရှိသည်ဟု သိရှိရပါသည်။
အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိကဘဏ်တို့၏ ချေးငွေထုတ်ပေးမှုသည် အားနည်းသောအဆင့်တွင် ရှိနေသော်လည်း လုပ်ကွက်ငယ်တောင်သူ လယ်သမားတို့အတွက် ပုဂ္ဂလိကဘဏ်တို့၏ ချေးငွေထုတ်ပေးမှုသည် မဆိုစလောက်သာရှိပါသည်။
သုံးသပ်ရမည်ဆိုပါက လက်ရှိအနေအထားတွင် တိုင်းပြည်ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အဓိကအရေးပါသော ကဏ္ဍကြီးနှစ်ရပ်အတွက် ပုဂ္ဂလိကဘဏ်တို့က ချေးငွေထုတ်ပေးနိုင်မှုသည် လိုအပ်ချက်ထက် များစွာလျော့နည်းလျက်ရှိပါသည်။
ဤကဲ့သို့သော အခြေအနေမျိုး၌ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက နိုင်ငံခြား ဘဏ်များအား ပြည်တွင်း၌ လက်ရှိအနေအထားထက် လုပ်ပိုင်ခွင့်များပိုမိုပေးအပ်ရန် စီစဉ်ဆောင်ရွက်နေခြင်းသည် ကြိုဆိုရမည့် ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း လေးစားစွာဖော်ပြအပ်ပါသည်။ ။
Source : MOI Webportal Myanmar